ပအိုဝ်းပြည်သူ့စစ်က ရွာသားများကို ရွာပြင်ထွက်ခွင့်ပိတ်

ပအိုဝ်းပြည်သူ့စစ်က ရွာသားများကို ရွာပြင်ထွက်ခွင့်ပိတ်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်  အောက်တိုဘာလလယ်မှ စတင်ပြီး ပအိုဝ်းပြည်သူ့စစ် (PNA) မှ ရွာအပြင် ထွက်ခွင့် ပိတ်ပင်ထားသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

ရွာအပြင် ထွက်ခွင့် ပိတ်ထားသည့်အတွက် အဆိုပါရွာသားများ နေ့စဉ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်မရတော့ဘဲ အခက်အခဲများ ဖြစ်နေကြသည်။

နန်းတောင်ကျေးရွာတွင် နေထိုင်သူ တစ်ဦးက “သူတို့က ပေးလည်းမထွက်ဘူး။ အလုပ်လည်း ပေးမလုပ်ဘူး။ ရွာပြင်တော့ မထွက်ဘူး ဟုတ်ပြီ ဒါပေမယ့် တံငါသည်တွေက ငါးလေးတော့ဖမ်းမယ်။ အင်းထဲ ဆင်းမယ်ပေါ့ အဲလိုလည်း မရဘူး” ဟု ပြောသည်။

ထိတွေ့တိုက်ပွဲများ မရှိသေးသည့် ကျေးရွာများမှ ရွာသားများကို ယခုကဲ့သို့ ရွာပြင်ထွက်ခွင့်ပိတ်ရခြင်းနှင့် စက်လှေများဖြင့် သွားလာခြင်း ကန့်သတ်တားမြစ်ရခြင်းမှာ တော်လှန်ရေး အဖွဲ့များအား ရိက္ခာဖြတ်တောက်ချင် သောကြောင့် ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဒေသခံတစ်ဦးက “ဖယ်ခုံမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အခါကြတော့ အင်းအနောက်ဖက်ကမ်းမှာ စက်လှေတွေ ပေးမဆင်းဘူး။ လှေဆိပ်ကို ပေးမဆင်းဘူး။ ပြီးရင် ရေလမ်းမှာ စက်လှေတွေကို ဖြတ်သန်းခွင့် မပေးဘူး။ စက်လှေတွေဖြတ်ရင် လိုက်ပစ်တာ။ အဓိက ပစ္စည်းတွေကို ပေးမသယ်ချင်လို့၊ ဟိုဘက်ကမ်း ဒီဘက်ကမ်းကိုလေ။ ရွာပြင်ပေးမထွက်တာကလည်း တော်လှန်ရေးဖက်ကို ရိက္ခာဖြတ်ချင်တာ” ဟု ပြောသည်။

အဆိုပါ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ မရှိသေးသော်လည်း ရွာခံများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် PNA က ပိတ်ဆို့ထားရခြင်းဖြစ်ပြီး ရွာအပြင်ထွက်သူများအား ပစ်ခတ်မည်ဟုခြိမ်းခြောက်ထားခြင်း ဖြစ်သည်ဟု PNA ကပြောသည်။

နန်းတောင်း၊ သစ်ပင်ကောက်ကျေးရွာတို့နှင့် နီးစပ်သည့် မိုးဦး၊ နန့်ဖာမူကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး လက်ရှိ ကျေးရွာနေပြည်သူများမှာ အပြင်ထွက်ခွင့် မရသဖြင့် စစ်ဘေးရှောင်ရန်လည်း အခက်တွေ့ နေကြသည်ဟု ဆိုသည်။

လတ်တလောတွင် နေ့စဉ်ကျောင်းသွားရသည့် စက်လှေတစ်စီးကိုသာ အလံဖြူထောင်၍ သွားလာခွင့်ပြုထားပြီး တစ်ရွာလုံးနီးပါး အဝင်/ထွက်များကို PNA က စောင့်ကြပ်စစ်ဆေးနေသည်ဟုဆို သည်။

နန်းတောင်းနှင့် နီးစပ်သည့် ဘုရားတောင် ဒေသခံ တစ်ဦးက “ဒါတောင် ကျောင်းသားတွေအတွက် ဘုရားတောင် ဆရာတော်က ပြောပေးထားလို့ရတာ။ သူတို့ လုပ်တဲ့ပုံစံက အကုန်လုံးသေကြဆိုတဲ့ ပုံစံမျိုးပဲ။ စစ်ဖြစ်ရင် ရှောင်ရမှာ။ အဲ့လို ပိတ်ရင်သေမှာ” ဟု ပြောသည်။

PNA ၏ ပိတ်ဆို့ထားမှုကြောင့် တံငါသည်များနှင့် ရေလုပ်သားများမှာ လက်ရှိတွင် လုပ်ငန်းအား လုံးရပ်ဆိုင်း ထားရပြီး နေ့စဉ်နှင့်အမျှ ဝင်ငွေထိခိုက်နေကြသည်။

နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာတွင် ဦးထွက်အုံး ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကစောင့် ကြပ်လျက် ရှိပြီး အောက်တိုဘာလ အကုန်အမီ တစ်ရွာလျှင် စစ်မှုထမ်း ၅ ဦးခန့် ပေးရမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုထားသည်။

Most read this week

October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...