ပြည်သူ့စစ်များ ဘက်ပြောင်းလာကြရန် KIA တိုက်တွန်း

ပြည်သူ့စစ်များ ဘက်ပြောင်းလာကြရန် KIA တိုက်တွန်း

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA အဖွဲ့က မြို့တွင်းရှိ ပြည်သူ့စစ်များ၊ နယ်ခြားစောင့် BGF တပ်များအနေဖြင့် ဘက်ပြောင်းလာကြရန် KIO/KIA က တိုက်တွန်းပြောဆို လိုက်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေချိန်တွင် ကချင် ညီအစ်ကို အချင်းချင်း မတိုက်ခိုက်ချင်သည့် အတွက် ယခုကဲ့သို့ တိုက်တွန်းပြောဆိုရခြင်း ဖြစ်သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

“ကျနော်တို့ ဒီနေ့ ဒီအချိန် ဒီအခါမှာကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက် အားလုံးကတော့ ဝိုင်းပြီးတော့ ကြိုးစားနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ကျနော်တို့ ကချင်တိုင်းရင်း သားတွေလည်း တစ်စုတစ်စည်းနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက်ကို ကျနော် ကြိုစားဖို့ကတော့ အရေးကြီးတယ်လို့ ကျနော် ပြောလိုပါတယ်။ ဒါမှ ကျနော်တို့ ရသင့်ရထိုက်တဲ့ နိုင်ငံရေး အခွင့်အရေးတွေ ကျနော်တို့ကတော့ ပြန်ပြီးတော့မှ ဖန်တီးလို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဖက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျနော်တို့ ညီအစ်ကိုတွေ ပြည်သူ့စစ် PDF တွေလည်း ဘက်ပြောင်းဖို့ကတော့ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ကျနော်က ဖြည့်စွတ်ပြီးမှ ပြောလိုပါတယ်။”

လက်ရှိ ပန်ဝါနှင့် ကန်ပိုက်တည် နေရာတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး အဆိုပါ ဒေသ များဘက်တွင် တိုက်ပွဲဖော်ဆောင်ရသည့် အဓိက အကြောင်းအရင်းနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ဆက်ပြောသည်။

“အထူးသဖြင့်ကတော့ ကျနော်တို့ အဲဘက်ကတော့ ပြည်သူ့စစ်တွေ BGF တွေပေါ့ ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေပေါ့ ကချင်တိုင်းရင်းသား ညီအစ်ကိုတွေ ဖြစ်ကြပါတယ်။ ကျနော်တို့ KIO/KIA အနေနဲ့ကတော့ တိုင်းရင်းသား အချင်းချင်း ညီအစ်ကို အချင်းချင်း တိုက်ဖို့ခိုက်ဖို့ ကိုယ့်လူမျိုး စစ်ဆင်ရေး လုပ်တာတော့ မဟုတ် ပါဘူးနော်။ ကျနော်တို့ ကချင်ဒေသမှာ ရှိနေတဲ့ စကစ တပ်စခန်းတွေကို ရှင်းဖို့ပဲ ကျနော်တို့ တိုက်ပွဲဆင်နွှဲတာ ဖြစ်ပါတယ်။”

ဦးစခုန်တိန့်ယိန်း ဦးဆောင်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းထားသော ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) သည် ပန်ဝါမြို့တွင် အခြေစိုက်သော အဖွဲ့ဖြစ်သည်။

ကချင်ပြည်နယ် အထူးဒေသ ၁ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့ မှူးတို့နှင့် ဒေသလက်နက်ကိုင် ပြည်သူ့စစ် ရဲဘော်များ အနေဖြင့် ဒေသထဲကို KIA နှင့် PDF ပူးပေါင်းတပ်တို့ ဝင်ရောက်လာပါက ယတိပြတ် ခုခံချေမှုန်းရမည်ဟု ဇွန်လ ၇ ရက်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

လက်ရှိတွင် KIA နှင့် PDF တို့မှာ ဒေသထဲကို ဝင်ရောက်လာပြီဖြစ်သည့် အတွက် ဆော့လော်မြို့နယ်၊ ချီဖွေမြို့ နယ်၊ ကံပိုင်တည်ဒေသများတွင် တာဝန်ထမ်း ဆောင်နေသည့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တို့မှာ မြေ တစ်လက်မတိုင်းကို ကာကွယ် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းကြရန် အမိန့်ပေးထားခြင်း ဖြစ်သည်။

ထိုသို့ အမိန့်ပေးထားသော်လည်း KIA နှင့် PDF ပူးပေါင်းတပ်တို့က စက်တင်ဘာလ နောက်ဆုံးအပတ်ထဲ၌ တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် ပန်ဝါမြို့နှင့် မိုင် ၄၀ ခန့်အကွာတွင် ရှိနေသည့် ချီဖွေမြို့နှင့် ဆော့လော်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည့် အပြင် ပန်ဝါဒေသထဲက စစ်ကောင်စီတပ်၏ ကာကင်းစခန်းများ၊ စစ်ရေးအရ အရေးပါသော စခန်းကြီးများကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ပန်ဝါမြို့စောင့်တပ်ရင်း တစ်ရင်း ဖြစ်သည့် နယ်ခြား စောင့်တပ် ၁၀၀၂ တပ်ရင်းကို အောက်တိုဘာလ ၁၅ ရက်နေ့က အပြီးသတ် သိမ်းပိုက်ထားသလို လက်ရှိမှာ နယ်ခြားစောင့်တပ် ၁၀၀၃ တပ်ရင်းကိုပါ တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။

ဦးဇခုန်တိန့်ယိန်းသည် ယခင်က KIA တပ်မှ တပ်မှူး တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ပူးပေါင်းသွားခဲ့ပြီး ၁၀၁ စစ်ဒေသဟု သတ်မှတ်က ရပ်တည်ခဲ့သည်။

၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် ပန်ဝါဒေသကို ကချင် အထူးဒေသ ၁ ဟု သတ်မှတ်ကာ နောက်ပိုင်းတွင် စစ်တပ်၏ လက်အောက်ခံအဖြစ် နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်း ၁၀၀၁၊ ၁၀၀၂ နှင့် ၁၀၀၃ အပြင် ပြည်သူ့စစ်တပ်ဖွဲ့များကို ဖွဲ့စည်းခဲ့သည်။

October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...