သတင်းပေးပို့ခြင်းမရှိသော NGO/INGO များကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း MTC ထုတ်ပြန်

သတင်းပေးပို့ခြင်းမရှိသော NGO/INGO များကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း MTC ထုတ်ပြန်

ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့် မိမိတို့ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာအကြောင်းအရာများကို သတင်းပေးပို့ရမည်ဖြစ်ပြီး သတင်းပေးပို့ခြင်းမရှိသော အဖွဲ့အစည်းများကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC/MDF က ထုတ်ပြန်သည်။

မရာနယ်မြေအတွင်း NGO/ INGO များအနေဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ကာ လုံခြုံမှုအပြည့်အဝ ခံစားစေရန် ရည်ရွယ်ချက်ဖြင့်ဟုဆိုကာ နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားကာ ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးအမှုဆောင် အတွင်းရေးမှူးထံသို့ NGO/ INGO ဆိုင်ရာ သတင်းအချက်အလက်များနှင့်အတူ သတင်းပေးပို့ရမည်ဟု MTC/MDF က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်သည်။

သတင်းပေးပို့ရာတွင် စီမံကိန်းတာဝန်ခံ၊ ပြုလုပ်မည့် စီမံကိန်းအမျိုးအစား၊ စီမံကိန်းကာလ၊ သုံးဆွဲ့မည့်ရံပုံငွေ၊ ပံ့ပိုးမည့်အဖွဲ့အစည်းများကို သတင်းပေးပို့ရမည်ဟု ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

“ NGO/ INGO တွေအနေနဲ့ ကျွန်တော်တို့ မရာဒေသမှာ လှုပ်ရှားပေးတာကို ကျေးဇူးတင်တယ်။ အခုလိုမျိုး ကောင်း ကောင်းမွန်မွန်ပြုလုပ်ပေးတာကိုလဲ ကျွန်တော်တို့ဘက်က တစ်ဘက်တစ်လမ်းကနေ ထောက်ပံ့ပေးနိုင်တာ မရှိခဲ့ ဘူးခင်ဗျ။ ဆိုတော့ နောက်ပိုင်း NGO/ INGO တွေအနေနဲ့ ဆက်လက်လှုပ်ရှားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ တစ်ဘက်တစ်လမ်းကနေ အကူအညီပေးနိုင်တာမျိုးရှိလို့ရှိရင်လဲ ပေးလို့ရအောင် ရည်ရွယ်ချက်တစ်ခုပေါ့နော်။ ဒုတိယအချက်က သူတို့အနေနဲ့ ဒီမရာဒေသမှာ NGO လုပ်ငန်းကို လုပ်ကိုင်တဲ့အခါမှာ လုံခြုံ စိတ်ချမှုရှိတယ်၊ လွတ်လွတ်လပ်လပ် စိတ်ခံစားမှု အပြည့်အဝရှိတယ်ဆိုတာကို ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခု ရရှိအောင် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ် ခင်ဗျာ” ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC ပြည်ထဲရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးဌာန အမှုဆောင်အတွင်းရေးမှူး K.Beironah ကပြောသည်။

လက်ရှိကာလသည် မလိုလားအပ်သည့် တရားမဝင်အဖွဲ့အစည်းများနှင့် တရားမဝင်ဆေးဝါးသယ်ဆောင်မှု များရှိ နေသည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန်နှင့် သတင်းပေးပို့ခြင်းမရှိသော မည်သည့်အဖွဲ့အစည်းများကိုမဆို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း အလေးအနက် သတိပေးထားသည်ဟု MTC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် မရာနယ်မြေ‌အတွင်းရှိ ပြည်သူလူထုများအနေဖြင့် ဘာသာရေး၊ လူမှုရေးနှင့် ကျောင်းပညာရေးဆိုင်ရာ ပွဲတော်များကို လူစုလူဝေးဖြင့်ကျင်းပမည်ဆိုပါက သက်ဆိုင်ရာတိုက်နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုမရဘဲ ပွဲကျင်းပ၍မရကြောင်း MTC က ထုတ်ပြန်သည်။

“ ကျွန်တော်တို့အနေနဲ့ ဒီဟာကို အာဏာပြချင်လို့ လုပ်တာမဟုတ်ပါဘူးဆိုတာကို ပထမဦးဆုံး ပြောချင်တယ်။ ကျွန်တော်တို့ အဓိက ထုတ်ရတဲ့ ရည်ရွယ်ချက်က ပြည်သူအတွက်ကို ရည်ရွယ်ပြီးတော့မှ ထုတ်တာဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်လာတဲ့အခါ တခြားဒေသတွေလည်းကြည့်တဲ့အခါမှာ စစ်ကောင်စီက မသက်ဆိုင်တဲ့ ဒေသတွေမှာဆိုရင် လေယာဉ်နဲ့၊ လက်နက်ကြီးနဲ့ လိုက်ပြီး ဗုံးကြဲတာတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့ မရာဒေသမှာ ဒီချိန်ဆို ပွဲလမ်းသဘင်တွေများတယ်ခင်ဗျ။ အဲတော့ ပွဲလမ်းသဘင်က လူစုလူဝေးအားဖြင့် လုပ်တာပေါ့နော်၊ ဉပမာ အယောက် ၂၀၀၊ ၃၀၀ လောက်စုဝေးပြီးမှ လုပ်နေကြတာဆိုတော့၊ အဲလိုအခြေအနေမျိုးမှာ မလိုလားအပ်ဘဲ သတင်းပေါက်ကြားလို့ စစ်ကောင်စီအနေနဲ့ လေယာဉ်နဲ့ဗုံးကြဲနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်တဲ့ သဘောပါ ခင်ဗျာ” ဟု MTC ပြည်ထဲရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးဌာန အမှုဆောင်အတွင်းရေးမှူး K.Beironah က ပြောသည်။

ခွင့်ပြုချက်မရှိဘဲ ပွဲလမ်းသဘင်ပွဲတော်များကျင်းပပြုလုပ်ပါက အရေးယူမှုများပြုလုပ်သွားမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

October 22, 2024
စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရ၏...
October 21, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း...
October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...
October 15, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ များ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ...