ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ လိုက်လံဖမ်းဆီး သိမ်းဆည်းနေ

ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ လိုက်လံဖမ်းဆီး သိမ်းဆည်းနေ

မွန်ပြည်နယ်အတွင်း ပွဲရုံ၊ ဂိုဒေါင်တို့တွင် သိုလှောင်ထားသည့် ထိုင်းကုန်ပစ္စည်းများနှင့် ကုန်စုံဆိုင်တို့တွင် ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တို့က လိုက်လံ ဖမ်းဆီးပြီး ကုန်ကားဖြင့် လာရောက်သိမ်းယူနေသည်ဟု သိရသည်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံခြားသွင်းကုန်လိုင်စင်နှင့် တင်သွင်းခွင့်မပြုနိုင်သည့် ကုန်ပစ္စည်းများကို လိုက်လံစစ်ဆေးဖမ်းဆီးရန်၊ စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီးစစ်ဆေးရန်ညွန်ကြားပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် ထိုင်းကုန်ပစ္စည်း အဖမ်းအဆီးကြမ်းလာခြင်းဖြစ်သည်။

မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်ရှိ ပွဲရုံများနှင့် နီးစပ်သူတစ်ဦးက “ထိုင်းကုန်တွေက သူတို့(စစ်တပ်) လိုက်ဖမ်းပြီးတော့ ပစ္စည်းတွေကို သိမ်းသွားတာရှိနေတယ်။ အခုက အမျိုးမျိုးပဲ ဘယ်လိုလုပ်နေမှန်းလည်းမသိဘူး။ ပထမကတော့ ပွဲရုံတွေမှာ ထိုင်းကုန်စည်တွေ တင်သွင်းရဖို့အတွက် သူတို့ပဲ စီစဉ်ပေးပြီးတော့ တင်သွင်းခွင့်ပြုထားပေးတယ်။ အခုက ပွဲရုံရောက်ပြီးတော့လည်း တစ်ခါတည်းဆွဲပြီးတော့ သိမ်းလိုက်တာပဲ” ဟု ဆိုသည်။

ကုန်ပစ္စည်းများ ဖမ်းဆီးနေသည့်အတွက် ကုန်စည်များကို နေရာပြောင်းရွှေ့ချထားရကြောင်းနှင့် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်အတွက် စစ်ကောင်စီကို ငွေကြေး ပေးဆောင်ထားရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထိုင်းကုန်ပစ္စည်းများကို အဓိကသုံးစွဲနေသည့် မွန်ပြည်နယ်တွင် စျေးကွက်အတွင်း  ထိုင်းကုန်ပစ္စည်းစျေးနှုန်း အဆမတန်မြင့်တက်လာနိုင်ပြီး ကုန်စည်ပြတ်လတ်မှုနှင့် ရင်ဆိုင်လာရနိုင်သည်ဟု မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။

“အသုံးစရိတ်က အရင်ကတည်း စျေးမြင့်လာနေပါတယ်ဆိုမှ အခု ဒီလိုမျိုး ထပ်တင်းကြပ်လာတယ်ဆိုတော့ ပိုပြီးတော့ ခက်ခဲလာတယ်ပေါ့။ စစ်တပ်က ဘယ်လိုပဲ စီးပွားရေးသမား၊ ကုန်သည်တွေအပေါ်မှာ တင်းကြပ်ပါစေ။ တကယ် အဲဒီဒဏ်ကို ခံရတဲ့သူတွေက သုံးစွဲသူ ပြည်သူတွေပါ။ စီးပွားရေးသမားတွေက သူတို့ ဆုံးရှုံးထားတာကို ပြန်ရဖို့အတွက် ရှိနေတဲ့ပစ္စည်းကို စျေးတင်ရောင်းမယ်။ အဲ့တော့ ကုန်ပစ္စည်းတွေစျေးတက်လာမယ်” ဟု ၎င်းမြို့ခံက ဆိုသည်။

စစ်ကောင်စီက ပွဲရုံ၊ ဂိုဒေါင်နှင့် စျေးဆိုင်တို့တွင် ထိုင်းကုန်ပစ္စည်းများ လိုက်လံသိမ်းယူနေသော်လည်း နယ်စပ်လမ်းကြောင်းမှ တင်းသွင်းနေသည့် ထိုင်းကုန်ပစ္စည်းများကိုတော့ ဖမ်းဆီးတာ၊ တားဆီးပိတ်ပင်တာမရှိကြောင်း ဘုရားသုံးဆူနယ်စပ်မှတဆင့် မွန်ပြည်နယ်အတွင်းသို့ ထိုင်းကုန်ပစ္စည်း တင်သွင်းနေသည့် ကုန်သည်တစ်ဦးက ပြောသည်။

“ပြောရရင် လမ်းတွေမှာက ဂိတ်ကြေးပေးပြီးရင် သယ်လို့ရနေသေးတယ်။ တစ်ခါတစ်လေ မြို့ထဲထိ ဝင်လို့ရှိရင် စစ်သားနဲ့ ရဲတွေကို ပိုက်ဆံပေးထားတဲ့ လူတွေကို ဝင်လို့ရတာပေါ့။ သူတို့က မဝင်နဲ့အုံးလို့ ပြောရင် မဝင်နဲ့ပေါ့။ ဒီလိုပဲ သယ်နေကြတာ” ဟု ၎င်းကုန်သည်က ပြောသည်။

စစ်ကောင်စီအနေဖြင့် ကုန်ပစ္စည်းများကို တရားဝင် တင်သွင်းခွင့်ပြုပေးမည့်အစား ယခုလို ဖမ်းဆီးနေသည့်လုပ်ရပ်ကို လုပ်ဆောင်ခြင်းသည် ဂိတ်ကြေး ပိုမိုတောင်းခံရန် အားပေးနေသလိုဖြစ်နေကြောင်း ကုန်သည်တို့က ပြောသည်။

မွန်ပြည်နယ်ထဲကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူလမ်းကြောင်းနှင့် မြဝတီလမ်းကြောင်းမှ တစ်ဆင့် ထိုင်းကုန်ပစ္စည်းများကို တင်သွင်းနေကြောင်း သိရသည်။

October 21, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့...
October 15, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သပိတ်မျှောပွဲ ကျင်းပပြုလုပ်မည့်...
October 11, 2024
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် နယ်မြေမတည်မှုများနှင့် လုံခြုံမှုမရှိသည့်...
October 10, 2024
မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ တို့တွင် စစ်ကောင်စီတပ်က...