PNLO အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် ထိပ်တန်း ခေါင်းဆောင် တစ်ချို့ကို ထုတ်ပယ်

PNLO အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် ထိပ်တန်း ခေါင်းဆောင် တစ်ချို့ကို ထုတ်ပယ်

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး - ၁ ဗိုလ်မှူး ခွန်မင်းသိမ်းနှင့် တွဲဖက် အထွေထွေ အတွင်းရေးမှူး - ၂ နန်းယဉ်ယဉ်စိုး တို့ကို အဖွဲ့ကနေ ထုတ်ပယ်လိုက်သည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်၏ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်း သိမ်းနှင့် နန်းယဉ်ယဥ်စိုးတို့က စက်တင်ဘာလထဲတွင် အဖွဲ့ချုပ်မှ နုတ်ထွက်ခွင့် တောင်းခံခဲ့ကြခြင်း ဖြစ်သည်။

နုတ်ထွက်ခွင့်ကို ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်အတည်မပြုမီကာလ၌ PNLO (NCA-S) ဆိုသည့် အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းက PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့သည့်အတွက် ယခုကဲ့သို့ အဖွဲ့မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်က ဆိုသည်။

(PNLO)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက “အဖွဲ့ချုပ် နာမည်ကို တလွဲအသုံးပြုပြီး PNLO-NCA-S ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းကြောင်း အောက်တိုဘာလ (၉) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ အဖွဲ့ ချုပ်ကို ဖြိုခွဲတဲ့သဘောသက်ရောက်တဲ့အတွက် ဗဟိုကော် မတီနဲ့ တပ်မှူးများအရေးပေါ်အစည်းအဝေးက ထုတ်ပယ်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေခံမူနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်သည့်အတွက် အဖွဲ့ချုပ်က ပေးအပ်ထားသော ရာထူးနှင့် တာဝန် အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး အဖွဲ့ချုပ်၏ အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်လိုက်သော်လည်း ထုတ်ပယ်ခံရသူ ၃ ဦးအနေဖြင့် လာမည့် PNLO ၏ စတုတ္ထအကြိမ် ညီလာခံတွင် အယူခံဝင်ခွင့်ရှိသည်ဟု ဗိုလ်မှူကြီး ခွန်အောင်မန်း ဆက်ပြောသည်။

 

“ညီလာခံမှာ အယူခံခွင့်ပေးတာကတော့ အဖွဲ့ချုပ်ရဲ့ လုပ်ထုံးလုပ်နည်းအရဖြစ်ပါတယ်။ ထုတ်ပယ်လိုက်တဲ့ ခေါင်းဆောင်တွေထဲက နှစ်ဦးကတော့ ညီလာခံကနေ ရွေးကောက်တင်မြောက်ထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ညီလာခံ တခုနဲ့ တခုကြားမှာ ဗဟိုကော်မတီကသာ အမြင့်ဆုံး အာဏာပိုင် ဖြစ်ပါတယ်။ ဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချထားတဲ့ဟာကို ညီလာ ခံမှာ ကျနော်တို့ အဖွဲ့ချုပ်မှာ အမြင့်ဆုံး အာဏာပိုင် ဖြစ်တဲ့ ညီလာခံမှာ အတည်ပြုချက် ရယူဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ ညီလာခံကို တက်ရောက်ပြီးတော့မှ အယူခံဝင်လိုရင် ဝင်ခွင့်ရှိတယ်ဆိုတဲ့သဘောပါ။”

NCA လမ်းကြောင်းမှ တဆင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသွားမည့် PNLO (NCA-S) ဖက်ကမူ ဗိုလ်မှူးကြီး ခွန်အောင်မန်း၏ ပြောဆိုမှုအပေါ် ယခုကဲ့သို့ တုန့်ပြန်သည်။

 

ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO (NCA-S) “NCA လမ်းကြောင်းကနေ ထွက်သွားတဲ့အဖွဲ့က အခုပြောတဲ့အဖွဲ့ပေါ့ အဲဒီအဖွဲ့က ကျနော်တို့နဲ့တော့ မဆိုင်တော့ ဘူးဗျ။ သူတို့ဘာထုတ် ညာထုတ် ကျနော်တို့လည်း အသိအမှတ် မပြုတော့ဘူး။ ကျနော်တို့ကတော့ NCA လမ်းကြောင်း ပြည်သူတွေကို အလုပ်အကျွေးပြုမယ့် လမ်းကြောင်းပဲ ဆက်ရပ်နေတာပေါ့ဗျာ” ဟု ပြောသည်။

 

အဖွဲ့ဝင်များကြားတွင် NCA လမ်းကြောင်းကို ဆက်လက်ကိုင်စွဲရန် ၉ လ အကြာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြသော်လည်း မူဝါဒ သဘောထား အဆင်မပြေမှုများမှ ယခုအခြေအနေအထိ ဖြစ်လာခဲ့သည်ဟြ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

 

ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့၏ PNLO (NCA-S) အဖွဲ့ကမူ NCA လမ်းကြောင်းအတိုင်း စစ်ကောင်စီက ကျင်းပပြု လုပ်မည့် နိုင်ငံတွေ့ဆုံဆွေးနွေးပွဲများကို တက်ရောက်သွားမှာဖြစ်ပြီး စစ်ဘောင်ကျဉ်းကာ နိုင်ငံရေးဘောင် ကျယ် လာအောင်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးပွဲများ ပေါ်ပေါက်လာအောင်လည်း လုပ်ဆောင်သွားမည်ဟု ပြောသည်။

 

ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO (NCA-S) “NCA က နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့လေ။ ကိုယ့်ဆရာ တွေက လက်နက်ကိုင်ပြီးတော့ ပြန်တိုက်မယ်ဆိုတော့ အဲဒီကတည်းက လမ်းကြောင်းကလွဲနေပြီ လူထုကလည်း ထောက်ခံမှု မရှိဘူးပေါ့။ NCA မှာ လက်နက်ကိုင် ပြန်တိုက်ဖို့ ဆိုတာ မပါဘူး။ အပစ်ရပ်တာကို ထိန်းသိမ်းမယ် ဆိုတာပဲ ပါတယ်။ အခု ကျနော်တို့က ဆက်လက် ထိမ်းသိမ်းတယ်” ဟု ပြောသည်။

 

ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်သည့် အဖွဲ့ကမူ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း NCA ကို အကောင်အထည် ဖော်နိုင်သည့် အခင်းအကျင်းမရှိတော့ခြင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းဖို့ မဖြစ်နိုင်တော့သည့် အနေအထားများကြောင့် တွေ့ဆုံဆွေးနွေးမှုတို့ကို ရပ်ဆိုင်းခဲ့ပြီး အခြားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် အတူ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

 

PNLO/PNLA သည် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြည်နယ်အဆင့်၊ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ တွင် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုခဲ့ပြီး ၂၀၁၅ မတ်လ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို ပါဝင်လက် မှတ်ရေးထိုးခဲ့သည်။

October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...
October 18, 2024
ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေး...
October 16, 2024
သတင်းနှင့် မီဒီယာ ကွန်ရက် ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ကရင်နီပြည် ဖားဆောင်းမြို့နယ်နှင့်...
October 14, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ်...