ဆက်သွယ်ရေးလိုင်း ပြတ်နေသည့် ရခိုင်ဒေသတွင် သတင်းအမှားများ ကြီးစိုးနေ

ဆက်သွယ်ရေးလိုင်း ပြတ်နေသည့် ရခိုင်ဒေသတွင် သတင်းအမှားများ ကြီးစိုးနေ

ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း တစ်ဆင့်ခံ စကားများတွင် သတင်းမှားများ ပျံနှံ့နေမှုများပြားနေပြီး  ပြည်သူများအကြား စိုးရိမ်စရာဖြစ်လာနေသည်။

အောက်တိုဘာ ၁၃ ရက်က စပြီး ရခိုင်တပြည်နယ်လုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့ပြီးနောက် လက်ရှိတွင် လုံခြုံရေးအခြေအနေ၊ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သတင်းမှားများ ပျံနှံ့နေခြင်းဖြစ်သည်။

“ အခုလို တိုက်ပွဲကာလမှာ သတင်းမှန်တွေ မရတာက ကျမတို့အတွက် အရမ်းစိုးရိမ်ရတယ်။ တစ်ဆင့်စကား တစ်ယောက်နား ဆိုသလို သတင်းမှားတွေလည်း ပိုပြီးပျံလာတယ်။ ဟိုတစ်နေ့ကလည်း (ကျောက်တော်မြို့နယ်) ကန်စောက်မှာ ဗုံးကြဲတယ်၊ လူဘယ်လောက် သေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ မြေပြင်မှာ ဖြစ်ခဲ့တာမရှိဘူး ” ဟု ကျောက်တော်မြို့နယ်က အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် တတိယအကြိမ် တကျော့ပြန်တိုက်ပွဲ စသည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့သော်လည်း ဒေသအချို့တွင် နေရာကွက်ကျား ရရှိခဲ့သည်။

လက်ရှိတွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုကြောင့် တိုက်ပွဲသတင်း၊ လေကြောင်း ပစ်ခတ်ခံရမှု စသည့် သတင်းအချက်အလက်များကို ပြည်သူများအနေဖြင့် အချိန်နှင့် တပြေးညီသိရှိရန် ခက်ခဲနေသည်။

ယင်းအပြင် ဒေသအတွင်း ထူးခြားသတင်းအကြောင်းအရာများနှင့် ပတ်သက်ပြီး အခြားလူများသိရှိနိုင် သတင်းပေးပို့ရာတွင်လည်း အခက်အခဲရှိနေကြသည်။

ဆက်သွယ်ရေးလိုင်းများပြတ်တောက်မှု အကျိုးဆက်အဖြစ် စစ်မက်ဖြစ်ပွားရာ ရခိုင်ကမြို့နယ်များတွင် လုံခြုံရေးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်တို့အတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာနိုင်ကြောင်း သုတေသီများက ပြောသည်။

“ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတော့ လေကြောင်း တိုက်ခိုက်တာမျိုးတွေကို သတင်းရတာတွေ မရှိတဲ့အတွက် ရုတ်တရက် လေယာဉ်ရောက်လာမှ တိုက်ခိုက်ခံရမယ်ဆိုတာ သိရတဲ့အတွက် တိမ်းရှောင်ဖို့၊ ပုန်းအောင်းဖို့ အခက်အခဲတွေ ကြုံတွေ့ ရတယ်။ ပြီးတော့ အရပ်သားတွေပိုပြီး ထိခိုက်တာကို တွေ့ရပါတယ် ” ဟု ညဏ်လင်းသစ်သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့် သုတေသနအကြံပေး ကိုမိုးထက်နေက DMG ကို ပြောသည်။

လတ်တလော ရခိုင်ဒေသတွင်း တစ်ဆင့်စကားများအရ ယခုရက်ပိုင်းတွင် ‘ စစ်ကောင်စီက လေယာဉ်ဖြင့် AA ထိန်းချုပ် မြို့များအားလုံးကို ဗုံးကြဲတော့မည်၊ စစ်တွေကနေပြီး စစ်ကောင်စီတပ်သားများ စစ်ချီလာပြီ ’ စသဖြင့် ဒေသတွင်း ကောလာဟလ သတင်းများ ပျံ့နှံ့နေသည်။

ရခိုင်ဒေသခံ ပရဟိတသမား ကိုဝေဟင်အောင်ကလည်း  “ ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တာနဲ့ တပြိုင်နက်တည်း ကောလဟာလ တစ်ခုဖြန့်ပြီး လူတွေကို အကြောက်တရား သွင်းနေကြတယ်လို့ ” လူမှုကွန်ရက်စာမျက်နှာတွင် ရေးထားသည်။

နိုင်ငံတဝန်းစစ်မျက်နှာတွင် အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ဖုန်းလိုင်း၊ အင်းတာနက်လိုင်း များကို ဖြတ်တောက်ကာ အရပ်သားများကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း လူ့အခွင့်ရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်သွားမှုကြောင့် ငွေလွှဲလုပ်ငန်း ရပ်တန့်နေပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်နစ်နာမှုများကို ရခိုင်ဒေသခံများက ကြုံတွေ့နေရသည်။

ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် လက်ရှိတိုက်ပွဲကာလတွင် အာရက္ခတပ်တော်(AA) က မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် မြို့နယ်များကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေသည်။

October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...
October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...
October 14, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၈ နှစ်အောက်...
October 11, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၄ နာရီခွဲအချိန် စစ်ကောင်စီက...