သန်းခေါင်စာရင်းကောက်ချိန် ခြောက်လှန့်ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ပိုတိုးလာ

သန်းခေါင်စာရင်းကောက်ချိန် ခြောက်လှန့်ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ပိုတိုးလာ

မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ တို့တွင် စစ်ကောင်စီတပ်က ခြောက်လှန့်ပစ်ခတ်နေခြင်းကြောင့် စက်တင်ဘာလအတွင်း ထွက်ပြေးတိမ်းရှောင်သူဦးရေ ပိုတိုးလာသည်ဟု မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်း (HUFORM) က ပြောသည်။

မွန်၊ ကရင်၊ တနင်္သာရီတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက စစ်ဘေးရှောင် ၃၂၀၀၀ ကျော်ရှိခဲ့ရာမှ စက်တင်ဘာလတွင် စစ်ရှောင်ဦးရေ ၅၂၃၈၀ အထိဖြစ်လာပြီး တစ်လအတွင်း စစ်ဘေးရှောင် ၂၀၀၀၀ နီးပါးတိုးလာသည်ဟု HUFORM ၏ အချက်အလက်များအရ သိရသည်။

နယ်မြေစိုးမိုးနိုင်ရေးအတွက် ဒေသတွင်း အင်အားတိုးချဲ့လာနေသည့် စစ်ကောင်စီတပ်တို့က လူနေကျေးရွာများထဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သန်းခေါင်စာရင်းကောက်သည့်ကာလတွင် ရမ်းသမ်းပစ်ခတ်မှု ပိုမိုလုပ်ဆောင်လာကြောင်း ဆိုသည်။

လတ်တလောတွင် သန်းခေါင်စာရင်းကောက်ယူနေသည့် KNU တပ်မဟာ ၆ နယ်မြေအတွင်းက မွန်ဒေသခံအများစု နေထိုင်သည့် ကျေးရွာ ၂၆ ရွာတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်ခံနေခြင်းကြောင့် စစ်ဘေးရှောင်များ တိုးလာနေသည်ဟု နိုင်အဲမွန်က ဆိုသည်။

“နယ်မြေ စိုးမိုး ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက သူတို့ အင်အားတိုးချဲ့လာတယ်။ စစ်ဆင်ရေး စိုးမိုးမှု နယ်မြေချဲ့ထွင်တာပေါ့နော်။ လုံခြုံရေး ပိုပြီးတိုးမြှင့်လာတယ်။ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ပေါ့ အဲလို စစ်အင်အားတိုးချဲ့တာနဲ့အတူ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလည်း များလာတယ်။ တိုက်ပွဲမရှိပဲနဲ့ ရည်ရွယ်ချက်ရှိရှိကို ပစ်နေတာ။ ကြည်းတပ်ပဲမဟုတ်ဘူး။ ရေတပ်ကနေလဲ ပစ်တယ်။ နောက် လေကြောင်းကနေလာတာလဲ ရှိတယ်။ အဲလို ရမ်းသမ်းပစ်ခတ်မှုက နေ့တိုင်းပဲ အမြဲထိန့်လန့်ကြောက်ရွံ့နေရတယ်။ ဒီကြောင့် ထွက်ပြေးတိမ်းရှောင်ရမှုက လတိုင်း အပတ်တိုင်းမှာ ရှိနေတယ်။ တိုးလာနေတယ်” ဟု မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်း တာဝန်ရှိသူ နိုင်အဲမွန်က ပြောသည်။

၄င်းပြင် ဂျိုင်းမြစ်တစ်လျှောက်ရှိ ကော့ဘိန်း၊ မင်းရွာ၊ ဓမ္မသအစရှိသည့် ကျေးရွာများထဲကိုလည်း သန်းခေါင်စာရင်းကောက်ယူနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုပြုလုပ်နေသည့်အပြင် ဒေသခံပြည်သူများကိုလည်း သွားလာခွင့် ပိတ်ထားသည်ဟု သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ အင်အားဖြည့်တင်းလာနေသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက လူနေကျေးရွာများထဲကို အမြှောက်တပ်၊ ရေတပ်မှ လက်နက်ကြီးများဖြင့် ခြောက်လှန့်ပစ်ခတ်နေသလို လေကြောင်းဖြင့်လည်း ခြောက်လှန့်ပစ်ခတ်နေကြောင်း အထူးသဖြင့် ညပိုင်းအချိန်တွင် ပစ်ခတ်မှု ပိုမိုလုပ်ဆောင်လျှက်ရှိသည်ဟု ကော့ကရိတ်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“အခုဆိုရင် သူတို့ရဲ့(စစ်ကောင်စီ) လက်နက်ကြီးတွေက အရင်ကထက် အသံပိုကျယ်လာတယ်။ အဝေးပစ်လို့ အသံကျယ်လားမသိဘူး။ နေ့တိုင်းပဲ ညနေ ၇ နာရီကစပြီး ည ၁၂ နာရီအထိ ဆက်တိုက်ပစ်နေတာ” ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း စစ်ရှောင်ကူညီကယ်ဆယ်မည့်အဖွဲ့တို့က လက်လှမ်းမှီသလောက်သာ ကူညီကယ်ဆယ်မှု လုပ်ဆောင်နေပြီး၊ ရေရှည်အတွက် အစားအစာနှင့် ဆေးဝါးကန့်သတ်မှုကြောင့် ရိက္ခာပြတ်လပ်လျှက်ရှိသည်ဟု သိရသည်။

ဒေသတွင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်တို့က နေအိမ်အတွင်း ဝင်ရောက်နေထိုင်နေခြင်းနှင့် နေအိမ်ရှိပစ္စည်းများ ယူဆောင်ပြီး မင်းမဲ့စရိုက်သဖွယ် လုပ်ဆောင်နေသည့်အတွက် ပြည်သူများ နေရပ်မပြန်နိုင်ဘဲ အိုးအိမ်စွန့်ခွာ ကာတိမ်းရှောင်နေရဆဲဖြစ်သည်ဟု HUFORM က ဆိုသည်။

Most read this week

October 8, 2024
မွန်ပြည်သူလူထုတို့ လိုလားနေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောက်ရွက်ရေးသည်...
October 8, 2024
မြန်မာပြည်တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း တို့တွင် စစ်ကောင်စီတပ်၏...
October 7, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကိုအောက်တိုဘာလ ၆ ရက်နေ့ညက...
October 7, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ် ဂျိုင်းမြစ်တလျှောက်ရှိ...