စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မွန်ပြည်နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မွန်ပြည်နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်

မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့် ပြည်နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်တဲ့အတွက် တိကျမှန်ကန်တဲ့ အချက်အလက်ရရှိမှာ မဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကစလို့ မွန်ပြည်နယ်မှာ  ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ လုံခြုံရေးအင်အား အများအပြားနဲ့ တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ ပြည်နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအား ကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ကျိုက်မရော၊ သံဖြူဇရပ်နဲ့ရေးမြို့နယ်တွေမှာတော့ မြို့ပေါ်ရပ်ကွက်တချို့မှာသာ သန်းခေါင်စာရင်း ကောက်ယူနေတာပါ။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီရဲ့ သန်ခေါင်းစာရင်းကာက်ယူမှုဟာ မြို့ပေါ်တွေမှာသာ ကောက်ယူနိုင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ လာကောက်ယူနိုင် ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်ကျွန်တော်တို့ ခရိုင်မှာပေါ့နော်။ သထုံခရိုင်မှာဆိုလို့ရှိရင်တော့ သန်းခေါင်စာရင်း ကောက်ယူမှုကတော့ မြို့တွင်းလောက်ပဲ ကောက်ယူနိုင်မယ်။ ကျွန်တော်တို့ သထုံခရိုင်မှာတော့ KNU/KNLAနဲ့ PDF အပါအဝင်ပေါ့နော် တော်လှန်ရေးအဖွဲ့တွေက ဒီဒေသကို စိုးမိုးထားတာ ဖြစ်တယ်။ အခုထိလည်း ဘယ်သူမှမလာရဲကြဘူး။ သန်းခေါင်စာရင်း သူတို့ကောက်ယူတဲ့ နေရာမှာတော့ မှန်ကန်မှုရှိနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ မြင်တာပေါ့”လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့သထုံမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံသောင်းနဲ့ချီ နေရပ်စွန့်ခွာတိမ်း ရှောင်နေရတာပါ။

အလားတူ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ရေးမြို့နယ်တို့မှာ ကျေးရွာအများစုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီဘက်က သန်းခေါင်စာရင်း အပြည့်အဝကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။

ရေးဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကလည်း တော်လှန်ရေးတပ်တွေ လှုပ်ရှားတဲ့ဒေသတွေမှာ စစ်ကောင်စီက လက်ရှိအချိန်ထိ သန်း ခေါင်စာရင်း လာရောက်ကောက်ယူတာ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် လှုပ်ရှားတဲ့ ဒေသတွေမှာကျတော့ စစ်ကောင်စီဘက်က လာရောက်ပြီးတော့ သန်းခေါင်စာရင်း ကောက်ယူတာမရှိပါဘူး။ တချို့သော မြို့နဲ့ နီးစပ်တဲ့ ရွာတွေမှာတော့ ကောက်ခံသွားတာရှိပါတယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ၄၀ ရာခိုင်နှုန်းလောက်က တော်လှန်ရေးနယ်မြေနဲ့ လွတ်မြောက်နယ်မြေဖြစ်နေတဲ့ အတွက်ကြောင့် ဒီသန်းခေါင်စာရင်းဟာ ဘယ်လိုမှတိကျနိုင်မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာတော့ မြို့နယ် ခုနှစ်မြို့နယ်မှာ ကရင်အမျိုးသားအ စည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီ NMSP ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအ ဖွဲ့ (NMSP-AD) အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ် ဖွဲ့တွေ စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ မွန်ပြည်နယ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်၊ လူအင်အား ၁၂၀၀ ကျော်နဲ့ ကောက်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ သန်းခေါင်းစာရင်း ကောက်ယူမှုမှာ အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခုနဲ့ အဖွဲ့အစည်းအတွက် မေးခွန်း ၁၈ ခု သတ်မှတ်ထားပေမယ့် တိကျတဲ့မေးမြန်းမှုမရှိဘဲ အလျင်စလိုကောက်ယူပြီး ပြန်သွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကောင်စီ ခန့်မှန်းထုတ်ပြန်တဲ့ လူဦးရေစာရင်းအရ အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၁ ဒသမ ၉ သန်းကျော် ရှိနေပါတယ်။

Most read this week

October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...
October 9, 2024
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် မတော်၊...
October 8, 2024
အာဏာသိမ်းစစ်ကောင်စီရဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ...
October 7, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် သက်ဆိုင်ရာရပ်ကွက်...