ပန်းနီလာဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပန်းနီလာဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာရှိ အရပ်ဖက်ဆေးရုံကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှာ ၁ နာရီခွဲအချိန်တွင် ဂျက်

တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပန်းနီလာစာသင်ကျောင်းတွင် ယာယီဖွင့်လှစ်ထားသည့် ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်စဉ် ဆေးရုံအနီးတွင် ကျရောက်ပေါက်ကွဲကာ အဆောက်အုံအချို့ ပျက်စီးသွားကြောင်း သိရသည်။

ဒေသနေ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “မနက်စောစော ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ လာပြီးပစ်သွားတာ။ ကံကောင်းလို့ ဆေးရုံပင်မအဆောင်မှာ မထိဘဲ ဆေးရုံနောက်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ ဆေးကုသနေသူတွေ ဝန်ထမ်းတွေတော့ ထိခိုက်မှုမရှိဘူး။ အဆောက်အုံတွေကတော့ ပျက်စီးသွားတာတွေရှိတယ်။ ဒီဆေးရုံက စစ်ဖက်ဆိုင်ရာနဲ့ ဘာမှသက်ဆိုင်မှုမရှိဘဲ အရပ်သားတွေကို ဆေးကုသနေတဲ့ ဆေးရုံသာ ဖြစ်တယ်” ဟု ပြောသည်။

ပန်းနီလာဆေးရုံသည် ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲပြီးနောက် ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံကို ပန်းနီလာကျေးရွာ စာသင်ကျောင်းတွင် ယာယီ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အရပ်သားများအား ဆေးကုသပေးနေသည့် ဆေးရုံကို လေကြောင်းတိုက်ခိုက်ခြင်းအပေါ်  လက်ခံနိုင်စရာ လုံးဝမရှိကြောင်း  ပုဏ္ဏားကျွန်းမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

“ဆေးကုသနေတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကို ပြသနေတာဖြစ်တယ်။ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရာဇဝတ်မှုကျူးလွန်နေတာတွေကို နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူမှုတွေလုပ်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ရခိုင်တိုက်ပွဲအတွင်း  မြို့နယ် ၄ ခုက ဆေးရုံ ၄ ခုထက်မနည်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဆေးကုသနေသည့် အရပ်သားများ၊ ကလေးငယ်များ၊ အမျိုးသမီးများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့က တောင်ကုတ် တန်းလွဲရွာမမြို့နှင့်၊ မောင်တော ခရေမြိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးပြီး၊ နောက် ထပ် ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ရခိုင်ပြည်တွင် အောက်တိုဘာ ၁ ရက်နေ့မှ ယနေ့ ၈ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင်း အရပ်သားသေဆုံးသူ ၅၀ နှင့် ဒဏ်ရာရသူ ၂၀ အထိရှိကြောင်း DMG ၏ စာရင်း ပြုစုချက်အရ သိရသည်။

Most read this week

October 8, 2024
ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသော စစ်တွေမြို့တွင် စစ်ကောင်စီက မြို့အဝင်ပတ်ပတ်လည်တွင်...
October 7, 2024
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသက ရေဘေးသင့်ကျေးရွာများတွင် ငှက်ဖျားရောဂါ နှင့်...
October 5, 2024
ရခိုင်ဒေသအတွင်း စစ်‌ရေးပဋိပက္ခဖြစ်ပွားမှုမှာ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးနှင့်...
October 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂...