အမ်းနပခဌာနချုပ်အနီးမှ အရေးပါသောမဲတောင်ဗျူဟာကို AAသိမ်းပိုက်

အမ်းနပခဌာနချုပ်အနီးမှ အရေးပါသောမဲတောင်ဗျူဟာကို AAသိမ်းပိုက်

ရခိုင်ပြည်၊အနောက်တိုင်းစစ်ဒေသ(နပခ)အတွက် အရေးပါသည့် မဲတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) ကသိမ်းပိုက်လိုက်ပြီဟု ခိုင်လုံသည့် စစ်ရေးသတင်းအရ သိရှိရသည်။

၎င်းမဲတောင်ဗျုဟာကုန်းသည် အမ်းအခြေစိုက် နပခကို ကာထားသော ဒုတိယမြောက်အကြီးဆုံး ဗျူဟာကုန်းဖြစ်ကြောင်း သိရသည်။

" သိမ်းထားလိုက်တာ မှန်ပါတယ်။ အခုကတိုက်ပွဲကငြိမ်သွားပါပြီ၊ တချို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထွက်ပြေးနေလို့ AAက လိုက်လံရှင်းလင်းနေတယ်။ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်း ရမိသလို စစ်ကောင်စီ အလောင်းတွေကိုလည်း သိမ်းဆည်းရထားတယ်လို့ သိရပါတယ်”ဟု ၎င်းစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဗျူဟာကုန်းအား အောက်တိုဘာ ၁ နေ့ကစပြီး အာရက္ခတပ်တော်(AA)မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် (၅) ရက်မြောက် အောက်တိုဘာ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု မဲတောင်ဗျူဟာကုန်းသည် အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကာထားသည့်  တောဟိန်းတောင်ဗျူဟာကုန်းပြီးလျှင် ဒုတိယ အရေးကြီးဆုံး ဗျူဟာကုန်း တစ်ခုဖြစ်သဖြင့် မဲတောင်ဗျူဟာ မကျရန် စစ်ကောင်စီက လေကြောင်းပစ်ကူ၊ အမ်းအခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးများ ပစ်ကူများဖြင့် အပြင်းအထန် ကာကွယ်ခဲ့သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောကြားသည်။

နောက်ထပ်အမ်းဒေသခံ တစ်ဦးက “အေအေနီးစပ်တဲ့ သတင်းတွေအရ သိမ်းတာတို့သေချာပါတယ်။ အခုကတပ်ဖွဲ့ဝင်တွေ ထွက် ပြေးနေလို့ နယ်မြေရှင်းလင်းရေး လုပ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် မဲတောင်ဗျုဟာကို လက်လွှတ်ဆုံးရှုံးပြီးနောက် AA ၏ ထိုးစစ် နပခဌာနချုပ် အမ်းကိုမရောက်ရအောင် လေကြောင်းဖြင့် အေအေရှိနိုင်သည်နေရာများနှင့်  ကျေးရွာတချို့ကို ဗုံးကြဲ တိုက်ခိုက်နေသည်ဟု ၎င်းက ပြောဆိုသည်။

“ စစ်ကောင်စီသည် မဲတောင်ဗျုဟာကျဆုံးပြီးနောက် အမ်း နပခကို ထိုးစစ်မဆင်လာနိုင်အောင် လေကြောင်းကနေ ဂျက်ဖိုက်တာ နှစ်စီးနဲ့  မဲတောင်ကြောတစ်လျှောက်နဲ့ ဘေးပတ်ဝန်းကျင် နေရာတွေကို ဗုံးကြဲနေပါတယ်။ နပခဌာနချုပ် မှ အတွဲလိုက် ဒုံးကျည်တွေ အဆက်မပြတ် ပစ်ခတ်နေတာကိုလည်း ကြားနေရပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် AA ကပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် အမ်းနပခ အဝင်ဂိတ်နှင့် G-1 နေအိမ်တို့ကို ကျရောက် ပေါက်ကွဲခဲ့၍ အသေအပျောက် အထိအခိုက်ရှိရာမှ AAရှိနိုင်သည်ဟု ထင်ရသော နေရာများကို လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ယမန်နေ့အောက်တိုဘာ ၆ နေ့လည်း မဲတောင် အနီးရှိ ကျေးရွာ ၇ ရွာကို ဖယ်ရှား ခိုင်းထားသည်ဟု သိရသည်။

October 7, 2024
အာရက္ခပြည်ကိုကာကွယ်ဖို့ အာရက္ခဒေသမှာမှီတင်းနေထိုင်ကြသော ပြည်သူအားလုံးမှာ တာဝန်ရှိသည်ဟု...
October 4, 2024
ရခိုင်ပြည်၊ တောင်ဖက်အစွန်ဆုံးတွင် တည်ရှိသော ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA...
October 3, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်အောက်ဘက် ပင်လယ်ပြင်တွင် စစ်ကောင်စီ...
October 3, 2024
ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီထံ...