လီဒိုလမ်းမပေါ်ရှိ ရွာတွေမှာ ရွှေတူးဖော်နေတဲ့လုပ်ငန်းရှင်တွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ ဒေသခံတွေတောင်းဆို

လီဒိုလမ်းမပေါ်ရှိ ရွာတွေမှာ ရွှေတူးဖော်နေတဲ့လုပ်ငန်းရှင်တွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ ဒေသခံတွေတောင်းဆို

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမကြီးပေါ်ရှိ မန်ပန်ရွာ၊နောင်းမီရွာတစ်ဝိုက် ရွှေတူးဖော်နေတဲ့လုပ်ငန်းရှင်တွေကို ဒေသခံတွေ ကန့်ကွက်မောင်းထုတ်လိုက်ပေမဲ့ ထပ်ဝင်လာပြီး ရွှေတူးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်းမီကျေးရွာနဲ့မန်ပန်ရွာကြားက ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေ၊ စားကျက်မြေနေရာတစ်ဝိုက်ကို KIA ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တွေဝင်လာပြီး ရွှေတူးဖော်မှုအလွန်အကျွံလာတာကြောင့် ဒေသခံတွေပိတ်ပင်တားမြစ်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ နောင်းမီတစ်ဝိုက်က စက်ယန္တရားကြီး၊ငယ် ၂၀၀ ကျော် ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်  ဩဂုတ်လကုန်ပိုင်းကစပြီး  နောင်းမီအောက်ဘက် မန်ပန်ကျေးရွာအနီးကို စက်ယန္တရားတွေ ထပ်ပြီးဝင်လာကာ ရွှေတူးဖော်နေတာ အခု ၁ လကျော်ရှိပြီလို့ ပြောပါတယ်။

“ ကျနော်တို့ရွာသားတွေ ပြီးခဲ့တဲ့ နွေရာသီမှာပဲ နောင်းမီရွာဘက်မှာ ရွှေတူးဖော်နေတဲ့ စက်ယန္တရား ၂၀၀ ကျော်လောက်ကို ပိတ်ပင်လိုက်နိုင်တာ ဟုတ်တယ်။ ဒါပေမဲ့ အခု ပြန်လည်တူးဖော်လာကြတယ်။ အခုက နောင်းမီအောက်ဘက် မန်ပန်ရွာနဲ့ ဒွမ်ဘန်ဧရိယာဘက်ကို ပြန်ဝင်လာပြီး တူးဖော်နေကြတယ်။ ဒီလမ်းတစ်ကြောက ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ ဆက်လက်ပြီး ရွှေတူးဖော်နေကြတယ်။ အခုက တခြားနေရာတော်တော်များများမှာ ရွှေတူးဖော်ကုန်လာပြီဆိုတော့ ကျန်နေတဲ့ ဒီဘက်ကိုပဲ ဝင်လာကြတယ်။ ကျနော်တို့ စာတင်ပြီး မောင်းထုတ်လိုက်ပေမဲ့ အခုလည်း ပြန်တူးနေကြတယ်။”လို့ မန်ပန်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ မန်ပန်ကျေးရွာအနီးမှာ ရွှေတူးဖော်နေတဲ့ လုပ်ကွက် ၅၀ ထက်မနည်းရှိပြီး စက်ယန္တရားကြီး၊ငယ်နဲ့ တူးဖော်နေတာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ အဲဒီရွှေတူးဖော်မှုတွေကို ထပ်ကန့်ကွက်ဖို့ သက်ဆိုင်ရာ KIA/KIO အစိုးရဆီစာတင်ဖို့ ပြင်ဆင်နေပြီး ဆက်ပြီးကန့်ကွက်သွားမယ်လို့ သိရပါတယ်။

ဟူးကောင်းဒေသ လီဒိုလမ်းမတစ်လျှောက်မှာ လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေပူးပေါင်းပြီး ကျေးရွာနယ်နိမိတ်တွေအထိ ရွှေအလွန်အကျွံတူးဖော်တာ၊ သစ်ထုတ်လုပ်တာတွေကို ဆိုးဆိုးရွားရွားလုပ်ဆောင်နေမြဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာနယ်နိမိတ်နဲ့ လယ်ယာမြေ၊ စားကျက်မြေတွေထိ ရွှေးတူးဖော်မှုကို ဒေသခံတွေ ပုံမှန်ကန့်ကွက်တာ သက်ဆိုင်ရာ KIA/KIO ဆီစာတင်ပြ တောင်းဆိုတာတွေရှိပေမဲ့ ထိရောက်တဲ့တာဝန်ယူမှုမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

“အခု ဒေသခံပြည်သူတွေက စိတ်မကောင်းနေတာကလွဲလို့ ဘာမှမလုပ်နိုင်သေးဘူး။ KIO ဆီ ကန့်ကွက်စာထပ်တင်ဖို့လည်း သေချာမသိသေးဘူး။ စာထပ်တင်ဖို့လည်း ဘယ်နှကြိမ် ကန့်ကွက်စာတင်တင် ယာယီလောက်ပဲ ရပ်ပေးထားပြီး ပြန်တူးခိုင်းသလိုလို ဘာလိုလိုနဲ့ သိပ်နားမလည်နေဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်နေတဲ့နေရာဒေသတွေကို ရွှေမတူးဖော်တာက အကောင်းဆုံးဖြစ်တယ်။”လို့ မန်ပန်ဒေသခံကဆက်ပြောပါတယ်။

လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်၊ နောင်းမီ၊ ဒွမ်ဘန်၊ မန်ပန်၊ လဝါး စတဲ့ကျေးရွာတစ်လျှောက်က ဒေသခံပြည်သူတွေရဲ့ လယ်ယာ၊ အခင်း၊ ခြံတွေနဲ့ စားကျက်မြေတွေမှာ လုပ်ငန်းရှင်တွေက ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် နဲ့ KIA/KIO ရဲ့ခွင့်ပြုချက်နဲ့ အလွန်အကျွံ ရွှေတူးဖော်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေရာတစ်ကြောမှာ အလွန်အကျွံ ရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေ စားကျက်မြေရှားပါးလာတာ၊ လယ်ယာမြေပျက်စီးမှု၊ ယာခင်းမဖြစ်ထွန်းမှုပြဿနာတွေကို နှစ်စဉ်ကြုံတွေ့နေရပြီး ရွှေလုပ်ကွက်ကျင်းဟောင်းထဲ ဒေသခံပြည်သူတွေရဲ့ ကျွှဲ၊နွားတိရစ္ဆန်တွေ ပြုတ်ကျသေဆုံးမှုလည်း ပုံမှန်ဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။



လက်ရှိ နောင်းမီနဲ့မန်ပန်ကြားက ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေ၊ အခင်းခြံတွေအပါအဝင် စားကျက်မြေတွေမှာ ရွှေတူးဖော်လာကြတာကြောင့် ဒေသခံတွေက တားမြစ်ပိတ်ပင်ပြီး KIA ဆီ စာတင်ကာ အကြိမ်ကြိမ် ကန့်ကွက်နေကြပြီး သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့စည်းတွေအနေနဲ့လည်း ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးစေချင်တယ်လို့ ဒေသခံတွေတောင်းဆိုနေတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်တပ်အပါအဝင် ပြည်သူ့စစ်အဖွဲ့၊ နယ်ခြားစောင့်၊ KIA တပ်ဖွဲ့တွေဟာ သူတို့စိုးမိုးနယ်မြေအတွင်း ရေပေါ်၊ရေအောက်သယံဇာတထုတ်ယူမှုတွေဟာ ဆက်တိုက်လုပ်ဆောင်နေကြမြဲဖြစ်ပြီး ပိုပြီးလည်း ဆိုးရွားလာနေတယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

October 7, 2024
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး...
October 4, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကိုသိမ်းပိုက်ပြီးနောက်...
October 4, 2024
ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်တာအပြင်...
October 3, 2024
ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် မြို့တွင်းတပ် ခလရ ၂၉၈ တပ်ရင်းတစ်ခုလုံးကို...