ကရင့်လက်နက်ကိုင်များ ဆွေးနွေးခဲ့သော်လည်း အာရှလမ်း ပြန်ပွင့်နိုင်ချေမရှိ

ကရင့်လက်နက်ကိုင်များ ဆွေးနွေးခဲ့သော်လည်း အာရှလမ်း ပြန်ပွင့်နိုင်ချေမရှိ

ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက် ကရင့်လက်နက်ကိုင်တပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက်မရသဖြင့် လမ်းပြန်ပွင့်နိုင်ချေ မရှိသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောကလယ်စေး၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်က KNU တပ်မဟာ (၇) နယ်မြေအတွင်း ကျင်းပခဲ့သည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီ၏ ပုံမှန်အစည်းအဝေးတွင် အာရှလမ်းပြန်ဖွင့်ရေးအတွက် တစိတ်တပိုင်း ဆွေးနွေးခဲ့ကြကြောင်း KNU/ KNLA- PC အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်ထံက သိရသည်။

အဆိုပါ အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/ KNLA- PC) စသည့် ကရင့်လက်နက်ကိုင်တပ်များ၏ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြသည်။

“ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးကြတယ်ဆိုတာ ကျွန်တော်တို့ သတင်းရပါတယ်။ ပြေလည်သလားဆိုတာက လက်ရှိ အခြေအနေပေါ့နော်၊ စစ်ရေးအခြေအနေက အင်မတန်ကိုမှ နည်းနည်း ရှုပ်ထွေးနေတဲ့အချိန်၊ စစ်ရေးပြင်းထန်တဲ့ အချိန်မျိုးမှာတော့ သဘောတူညီချက်မရကြဘူးလို့ ဒီလိုပဲ သတင်းရရှိပါတယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။

အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်၍ BGF မှ ဗိုလ်မှူးကြီး စောချစ်သူနှင့် DKBA မှ တာဝန်ရှိသူတဦးထံ မဇ္ဈိမမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

အာရှလမ်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ချိန်မှစ၍ အသုံးပြုခွင့် ပိတ်ထားခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိအချိန်အထိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းက အာရှလမ်းတလျှောက်မှ မြဝတီမြို့ရှိရာဘက်သို့ ဆက်တိုးနေဆဲဖြစ်၍ အဆိုပါစစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ဒီကောင်တွေက မြဝတီမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်နားကို ရောက်ပြီ။ ဒီကောင်တွေက တောနော်ရေတံခွန်တို့ ဘာတို့လို တောထဲမှာ ဒီကောင်တွေ ရှိနေတယ်။ တိုက်ပွဲကလည်း နေ့တိုင်းဖြစ်နေတယ်၊ အောင်ဇေယျစစ်ကြောင်းတွေ တောက်လျှောက်တိုးနေတာပဲ။ ဒီရက်ထဲမှာတော့ လေကြောင်းတိုက်ခိုက်တာ မရှိဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အာရှလမ်း ပိတ်ထားချိန်မှစ၍ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်သွားလာရေးတို့အတွက် ဒေါနတောင်လမ်းဟောင်းနှင့် ၁၀၁၈ လမ်း၊ ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်း စသည့်မြေသားလမ်းများကို တနှစ်နီးပါး အားထားအသုံးပြုနေခဲ့ကြရသည့် ယာဉ်မောင်းများ၊ ခရီးသွားများနှင့် ကုန်သည်များသည် ခရီးကြန့်ကြာမှု၊ ငွေကြေးအကုန်အကျများမှုတို့ကြောင့် အာရှလမ်း ပြန်ဖွင့်ရန် မျှော်လင့်ကြသည်ဟု ပြောဆိုကြသည်။

“ အခုက ထို့ကော်ကိုးလမ်းနဲ့ လမ်းဟောင်းနဲ့ပဲ သုံးနေရတယ်။ အာရှလမ်းကိုတော့ ပိတ်ထားတုန်းပဲ။ အခက်အခဲကတော့ ကြုံတာပဲ၊ လမ်းတွေဆိုးတော့ ကားတွေနာတယ်၊ ခရီးသည်တွေအနေနဲ့လည်း ပေးရတဲ့ ပိုက်ဆံများတယ်လေ၊ လမ်းသစ်ကျတော့ သက်သာတာပေါ့၊ အာရှလမ်းပြန်ဖွင့်ဖို့တော့ မျှော်လင့်တာပေါ့ဗျာ ဘာကြောင့်လဲဆို ခရီးသည်တွေအတွက်လည်းကောင်းတယ် ကားသမားတွေအတွက်လည်း ကောင်းတာပေါ့” ဟု ခရီးသည်တင်ယာဉ်မောင်း တဦးက ပြောသည်။

KNU/ KNLA- PC အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်ကလည်း “ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့အခါကျတော့ ကုန်သွယ်ရေးလုပ်ငန်းတွေ၊ ကုန်စည်စီးဆင်းမှုလုပ်ငန်းတွေက အများကြီး ကုန်သင့်တာထက် ပိုကုန်တာတွေ ရှိတာပေါ့၊ တကယ်လို့သာ အာရှလမ်း ပြန်ဖွင့်နိုင်မယ်ဆိုလို့ရှိရင်ကတော့ အာရှလမ်းဆိုတာက နဂိုကတည်းက ကုန်သွယ်ရေးအတွက် ရည်ရွယ်ဖောက်လုပ်ထားတဲ့ အဆင့်မြင့်လမ်းလည်းဖြစ်တယ်။ တကယ်လို့ အဲ့ဒီလမ်းပြန်ဖွင့်နိုင်မယ်ဆိုရင်ကတော့ ကုန်စည်စီးဆင်းမှုကတော့ ဒါ့ထက် အများကြီးပိုမိုပြီးတော့ အဆင်ပြေချောမွေ့မှုရှိမှာပေါ့”ဟု ပြောသည်။

လက်ရှိ အာရှလမ်းတလျှောက် နေ့စဉ် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်၌သာမက KNLA ပူးပေါင်းတပ်များဘက်တွင်လည်း အကျအဆုံးများ ရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

Most read this week

September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...
September 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး အင်းလေးကန်အတွင်း...