ဆော့လော်မြို့ KIA ထပ်မံသိမ်းပိုက်

ဆော့လော်မြို့ KIA ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် မြို့တွင်းတပ် ခလရ ၂၉၈ တပ်ရင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  အပြီးသတ်သိမ်းပိုက်လိုက်ပြီး မြို့တစ်ခုလုံးကိုထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဆော့လော်မြို့နယ်တွင်း တစ်ခုတည်းသောစခန်းဖြစ်တဲ့  ခလရ ၂၉၈ တပ်ရင်းကို စက်တင်ဘာလ ၂၉ ရက်ကနေ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ အောက်တိုဘာလ ၂ ရက်နေ့  အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

“ဆော့လော်ကို ၄ ရက်တိုက်တယ်လို့ပြောလို့ရတယ်။ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာက အားလုံးသိမ်းပိုက်နိုင်ခဲ့တယ်။ ဆော့လော်ဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီလို့ ပြောလို့ရပြီ။ စစ်တပ်မရှိတော့ဘူး”လို့ပြောပါတယ်။

ဆော့လော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအများပြားကိုလည် KIA တပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပြပေမယ့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

KIA သိမ်းပိုက်လိုက်တဲ့ ဆော့လော် ခလရ ၂၉၈ တပ်ရင်းဟာ ဆော့လော်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တပ်ရင်းတစ်ခုဖြစ်ပြီးတော့ နယ်စပ်ဒေသကို အဓိက လုံခြုံရေးယူထားပေးတဲ့ တပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဆော့လော် ခလရ ၂၉၈ တပ်ရင်းဟာ တနိုင်းလီဒိုလမ်းမပေါ် ဒွမ်ဘန်အခြေစိုက် ခလရ ၂၉၈ တပ်ရင်းက လာရောက်အခြေစိုက်ထားတဲ့ တပ်စခန်းလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ ဆော့လော်ဒေသကို KIA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီလမှာ ရှေ့တန်းစစ်တပ်စခန်း ၃ နေရာလောက်ကို သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့မှာ ဆော့လော်မြို့ကို သွားတဲ့ ၅ မိုင်အကွာ မျောမော်(Myawmaw) ပြည်သူ့စစ်တပ်စခန်းနဲ့ ထောက်ပို့တပ်စခန်းဖြစ်တဲ့ မျှော်ဇန်းကူး(Myaw Zan Ku) နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့အထိ ဆော့လော်မြို့တွင်းတပ်စခန်း တစ်ချို့နဲ့ နယ်ခြားစောင့်တပ် စုစုပေါင်း ၅ ခုအထက် သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားတဲ့ ၆ အကြာမှာ တပ်စခန်းကြီးဖြစ်တဲ့ ခလရ ၂၉၈ တပ်ရင်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ဆော့လောက်မြို့နယ်တစ်ခုလုံး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားတဲ့ မြို့နယ်တစ်ခုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဆော့လော်ဒေသဟာ ကချင် ဒီမိုကရေစီသစ်တပ်မတော် NDA-K က နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၉ မှာ ပြောင်းလဲလာတဲ့ ဦးဇခုန်တိန့်ယိမ်းက အဓိကလှုပ်ရှားတဲ့ နယ်မြေဖြစ်ပါတယ်။

ဆော့လော်မြို့နယ်ကို မသိမ်းပိုက်မှီ စက်တင်ဘာလ ၂၉၊ ၃၀ ရက်မှာ နယ်ခြားစောင့်တပ်နဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့တွေ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဓိကထိန်းချုပ်ထားတဲ့ ချီဖွေမြို့တစ်ခုလုံးကိုလည်း KIA တပ်တွေ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် မတိုင်ခင်နှစ်များမှာ  KIA နဲ့ ဆက်ဆံရေးကောင်းတွေရှိခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းတို့အကြား ဆက်ဆံရေးဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း နယ်ခြားစောင့်တပ်အဖွဲ့အဖြစ်အသွင်ပြောင်းပြီးနောက် ရုတ်ချည်းပြောင်းလဲ သွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ကချင်ပြည်နယ်တွင်း တကျော့ပြန်တိုက်ပွဲ စတင်လာချိန်မှာ KIA နဲ့နယ်ခြားစောင့်တပ်အကြား ပထမဆုံးထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပေမယ့် တိုက်ပွဲဟာ တစ်ကြိမ်သာဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အထိ နှစ်ဖက်တပ်အကြား စစ်ရေးငြိမ်းသက်နေခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ချိန်မှာတော့  KIA နဲ့နယ်ခြားစောင့်တပ်အကြား ရံဖန်ရံခါစစ်ရေးစတင်တင်းမာလာခဲ့ပြီး ဆယ်စုနှစ်အကြာ ငြိမ်သက်နေတဲ့ စစ်ရေးအခြေနေဟာ ရပ်တန့်သွားခဲ့ပါတယ်။

အဲဒီနောက် မတ်လ ၇ ရက်နေ့  စတင်လာတဲ့  KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးအရှိန်ဟာ ၇ လအကြာ စက်တင်ဘာလမှာ  စစ်ကောင်စီဩဇာခံလို့ဆိုရမယ့် ပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ် BGF တို့ ကြီးစိုးရာဒေသ ချီဖွေ၊ ဆော့လော်ဒေသတွေအထိပါ ကျယ်ပြည့်လာပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့ကို သိမ်းလိုက်ပြီး ဆော့လော်မြို့ကိုလည်း တစ်ရက်ခြားအကြာမှာပဲ KIA သိမ်းပိုက်လိုက်ပြီးနောက် လတ်တလော မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို စစ်ရေးအရ ဦးတည်လာနေတယ်လို့လည်း စစ်ရေးသုံးသပ်သူတွေပြောဆိုနေကြပါတယ်။

ဆော့လော်မြို့နယ်ဟာ ချီဖွေခရိုင်မှာပါဝင်ပြီး လော်ဝေါ်၊လာချိဒ်နဲ့ လီဆူမျိုးနွယ်စုဝင်တွေ အများဆုံးနေထိုင်တဲ့ ဒေသဖြစ်ပါတယ်။

Most read this week

October 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က...
September 30, 2024
ကချင်ပြည်နယ် ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ နေရာကို...
September 27, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ကို ...
September 25, 2024
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး...