၄ လ အတွင်း တရားမဝင်ထိုင်းရောက်မြန်မာရွှေ့ပြောင်း ၂သိန်းနီးပါး နေရပ်ပြန်ပို့ခံရ

၄ လ အတွင်း တရားမဝင်ထိုင်းရောက်မြန်မာရွှေ့ပြောင်း ၂သိန်းနီးပါး နေရပ်ပြန်ပို့ခံရ

ထိုင်းနိုင်ငံတွင် တရားမဝင်နိုင်ငံခြားလုပ်သားများကို ဖမ်းဆီးရေးစီမံကိန်းကြောင့် ၄ လ အတွင်း မြန်မာနိုင်ငံသား ၂ သိန်းနီးပါးဖမ်းဆီးခံခဲ့ရပြီး နေရပ်ပြန်ပို့ခံရကြောင်း သတင်းရရှိသည်။

ထိုဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူများကို စစ်မှုမဖြစ်မနေထမ်းဆောင်ရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့်လာသော လူငယ်များ စိုးရိမ်နေကြပြီး ဖမ်းဆီးမခံရမီ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်သူများလည်း ရှိကြောင်း နေရပ်ပြန်သူများထံ သိရသည်။

“ကျနော်ရောက်တာက ၁ လပိုင်းတည်းက ဘာစာရွက်စာတမ်းမှလည်း မပါတော့ အလုပ်က ရှာလို့ မလွယ်၊ အလုပ်ရပြီးတော့လည်း ဖမ်းမယ်ဆီးမယ်သတင်းတွေထွက်လာတော့ သူဌေးကလည်း ဆက်မခန့်ချင်တော့တာနဲ့၊ ပြန်လာလိုက်ရတယ်၊ ဆက်နေဖို့ကလည်း နေဖို့စားဖို့တောင်နပ်မမှန်လို့” ဟု အသက် ၂၂အရွယ် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် လက်ရှိပြည်တွင်း၌လည်း စစ်မှုထမ်းအကြုံးဝင်စာရင်းထဲ ပါဝင်နေသည့်အတွက် ရှောင်တိမ်းနေထိုင်နေရကြောင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် လူငယ်တစ်ဦး၏ မိခင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဟိုမှာလည်း အဆင်မပြေဘူးလေ ဒီရောက်တော့လည်း ဘယ်ချိန် ဆွဲခံရမလဲ မသိ၊ ယောကျ်ားလေးဆိုတော့ အသွားအလာဆင်ခြင်ခိုင်းရတယ်၊ နေ့ရောညရော စိတ်ဆင်းရဲရတယ် အလုပ်ကလည်းအဆင်မပြေနဲ့” ဟု ၎င်းအမျိုးသမီးကပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများအပြားသည် အနီးဆုံး ထိုင်းနိုင်ငံသို့ ရသည့်နည်းလမ်းဖြင့် တိမ်းရှောင်လာကြပြီး ငွေကြေးတတ်နိုင်သူများက အဆင်ပြေသော်လည်း တရားမဝင်နည်းလမ်းများဖြင့် နယ်စပ်မှ တဆင့်ဝင်ရောက်လာသူများမှာ အလုပ်အကိုင်မရခြင်း၊ နေထိုင်စားရိတ်ကြီးမားခြင်း၊ ဖမ်းဆီးခြင်းများလည်း ဆက်တိုက်ရှိလာသည့်အတွက် အခက်အခဲများစွာရင်ဆိုင်နေရသည်။

ထိုအထဲတွင် ပွဲစားများဖြင့်‌ရောက်ရှိလာကြသူများမှာလည်း အလုပ်ခွင်များအတွင်းရောင်းစားခံရသည့် ကိစ္စများလည်း ရှိနေကြောင်း ရွှေ့ပြောင်းလုပ်သားများအရေးကူညီပေးနေသူတစ်ဦးကပြောသည်။

“စစ်မှုထမ်းကြောင့် ဖြစ်တဲ့နည်းနဲ့လာတဲ့ကလေးတွေကို ဒီက ပွဲစားတွေက လိမ်ခေါ်ပြီး အလုပ်တွေသွင်းပေးတယ် ပြီးခဲ့တဲ့လကလည်း ၂ ယောက်အဲ့လိုဖြစ်တယ်၊ သူဌေးဆီမှာ တစ်ယောက်ကို ဘတ် ၅ ထောင်တောင်းသွားတယ်၊ သူတို့ဆီက ပွဲခကလည်း ယူသေးတယ်၊ ကလေးတွေက အလုပ်ခွင်ထဲမှာ လစာကမရနဲ့လုပ်နေရတာမျိုးတွေရှိနေတယ်” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင်း၌ ဖမ်းမိသည့် တရားမဝင်အလုပ်သမားများကို မြန်မာနိုင်ငံတွင်းသို့ပြန်ပို့သည့်အချိန်တွင်လည်း စစ်ကောင်စီမှ အတင်းအဓ္ဓမ စစ်မှုထမ်းခိုင်းမည်ဆိုသည့် သတင်းကြောင့်လည်း လူငယ်များအကြားတွင်လည်း စိုးရိမ်မှုများ မြင့်တက်နေသည်။

လက်ရှိတွင် ထိုင်းအစိုးရမှ မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံမှ စာရွက်စာတမ်းမရှိသေးသည့် အလုပ်သမားများကိုလည်း တရားဝင်အလုပ်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

စက်တင်ဘာ လ ၂၄ ရက် တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အထောက်ထားသစ်အတွက် မှတ်ပုံတင်ခြင်း ကုန်ကျစားရိတ်များနှင့် ပြုလုပ်ပေးမည့် အချိန်သေးစိတ်အတွက် ထိုင်းဘုရင့်နန်းတော်မှ ခွင့်ပြုချက်ရ ပြီးနောက်မှသာ သိရမည်ဖြစ်ကြောင်းသိရသည်။

October 2, 2024
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း...
October 1, 2024
သျှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် ပေါမူကျေးရွာဒေသခံများကို ပအိုဝ်းပြည်သူ့စစ် (PNA/PNO)က...
October 1, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျ‌ရေကြောင့် မြေပြို၍ ပျက်စီးသွားသည့်...
September 30, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က...