ရခိုင်က စစ်ကောင်စီထိန်းချုပ်ဆဲ မြို့ ၇ မြို့တွင် သန်းခေါင်စာရင်း စကောက်

ရခိုင်က စစ်ကောင်စီထိန်းချုပ်ဆဲ မြို့ ၇ မြို့တွင် သန်းခေါင်စာရင်း စကောက်

ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွမြို့တို့တွင် ယနေ့ အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ သန်းခေါင်စာရင်း ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

အမ်းမြို့မှာ ယနေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီ၏ မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင်စာရင်း ကောက်ယူနေသည်။

အမ်းမြို့ခံ အမျိုးသားတစ်ဦးက “သန်းခေါင်စာရင်းကောက်မှာဖြစ်လို့ ဘယ်မှမသွားဘဲ ကိုယ့်အိမ်မှာကိုယ်နေဖို့ အသိပေးထားတာ ရှိပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင်  မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး လူစုခွဲပြီးတော့ သန်းခေါင်စာရင်းကောက်နေပါပြီ” ဟု ပြောသည်။

ထိုနည်းတူ စစ်တွေနှင့် တောင်ကုတ်မှာလည်း ယနေ့နံနက်ပိုင်းမှစ၍ လူဦးရေစာရင်းနှင့် အိမ်အ‌ကြောင်းအရာများကို ကောက်ယူနေပြီး မြေပြင်၌ အိမ်ထောင်စုစာရင်းနှင့် လူဦးရေ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးနေကြောင်း  ဒေသခံများ ပြောပြချက်အရ သိရသည်။

တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပြီး ကောက်ကြတာပါ။ ချောင်းကောက်ရပ်ကွက်က စပြီးတော့ ကောက်လာတာပါ။ ရွေးကောက်ပွဲလုပ်ဖို့အတွက် သန်းခေါင်စာရင်း ကောက်ရတာလို့ပဲ ပြောပါတယ်။ အိမ်ထောင်စု၊ မှတ်ပုံတင်စစ်တယ်။ အိမ်ထောင်စုစာရင်းမှာ ပါတဲ့သူတွေ အိမ်မှာမရှိဘူးဆိုရင် ဘယ်သွားနေလဲ ဘာလုပ်နေလဲ မေးတာပေါ့” ဟု ပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းများ သန်းခေါင်စာရင်းကောက်စဉ် မှန်ကန်သည့်အချက်အလက်များ ပေးကြရန် ပြောဆိုခဲ့ပြီး အချက်အလက်အမှားများ ပေးပါက အရေးယူခံရမည်ဟုလည်း သတိပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သန်းခေါင်စာရင်းကောက်ယူနေသည့် ကာလအတွင်း မြို့ခံများအနေဖြင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် စစ်ကောင်စီက အသိပေးထားကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့၌လည်း အလယ်ပိုင်းနှင့် ပိုက်ဆိပ်ရပ်ကွက်တို့တွင် ဌာနဆိုင်ရာဝန်ထမ်းများက သန်းခေါင်စာရင်း ကောက်ယူနေပြီဟု မြို့ခံများက ပြောသည်။

အလယ်ပိုင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက “ရဲတွေက လမ်းတွေမှာ လုံခြုံရေးယူထားတဲ့ သဘောပါပဲ။ ထွေအုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ တစ်အိမ်တက်၊ တစ်အိမ်ဆင်းပေါ့။ လူအင်အား ၂၀ ဝန်းကျင်လောက် ရှိမယ် ထင်တယ်” ဟု  ပြောသည်။

ရခိုင်ပြည်တစ်ခုလုံးတွင် လူဦးရေ ၃ ဒသမ ၄ သန်းရှိကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသဖြင့် ယင်းမြို့နယ်များတွင် စစ်ကောင်စီက သန်းခေါင်စာရင်း မကောက်နိုင်ပေ။

နိုင်ငံတဝန်း စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကောင်စီသည် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေပြီး တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုများကို ရွေးကောက်ပွဲလမ်းကြောင်းမှ တစ်ဆင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ ကမ်းလှမ်းထားသော်လည်း ဆွေးနွေးသူ မရှိသေးပေ။

October 1, 2024
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခနှင့်အတူ ကဏ္ဍပေါင်းစုံ၌ အခွင့်အလမ်းနည်းပါးနေမှုကြောင့်...
September 30, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
September 30, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တစ်ကြောရှိ ကျေးရွာများကို...
September 27, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ပြီး လုပ်ကိုင်စားသောက်နေကြသည့်...