နယ်မြေအများစု တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားချိန် သန်းခေါင်စာရင်း ကောက်ယူမှုမဖြစ်သင့်ဟု ကေအဲန်ယူပြော

နယ်မြေအများစု တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားချိန် သန်းခေါင်စာရင်း ကောက်ယူမှုမဖြစ်သင့်ဟု ကေအဲန်ယူပြော

နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက် စစ် ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုသည် မဖြစ်သင့်ဟု ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

လက်ရှိ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကိုသာ စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး ကျန်ပြည်နယ် နှင့် တိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များနှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့တို့က နယ်မြေ အချို့ကို စိုးမိုးထိန်းချုပ်ထားသည့် အခြေအနေမျိုးဖြစ်နေသည်။

“ဒီအချိန်မျိုးမှာ သန်းခေါင်စာရင်းကောက်ယူတဲ့ကိစ္စကို ကျနော်တို့အနေနဲ့မလုပ်သင့်ဘူးလို့ပဲ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ဒီအချိန်မျိုးမှာ တိုင်းပြည်မှာအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ဘာတစ်ခုမှတိတိကျကျ မရှိတော့ တဲ့ အခြေအနေမျိုးမှာ မလုပ်သင့်ဘူး။ နောက်တခုက ဘယ်သူ၊ ဘယ်တိုင်းရင်းသား ဘယ်တော်လှန်ရေးအစုအဖွဲ့ ကမှလည်း လက်မခံဘူး။ နယ်မြေတော်တော်များများကိုလည်း ကျနော်တို့တော်လှန်ရေးအင်အားစု တွေကပဲ ထိန်းချုပ်ထားတဲ့မပေါ်မှာ ဒါကမဖြစ်နိုင်ဘူး” ဟု ပဒိုစောကလယ်စေးက ပြောသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ကုလသမဂ္ဂက ကူညီထောက်ပံ့မှုမျိုး ပြုလုပ်ခဲ့ဖူးသည့်အတွက် ယခုအချိန်တွင်လည်း အလားတူ ကူညီထောက်ပံ့မှုမျိုးရရှိရန် စစ်ကောင်စီက လိုလားနေကြောင်း၊ ထိုသို့ ရရှိပါက စစ်ကောင်စီ၏ တရားဝင်မှုကို မျှော်လင့်သည့် စဉ်းစားချက်မျိုးလည်း ရှိနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူရခြင်းမှာ ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်မှု ရှိစေရေး အထောက်အကူပြုရန် ယခုလို အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကို ကောက်ယူရခြင်း ဖြစ်သည်ဟု စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီအနေဖြင့် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ရက် မှ ၁၅ ရက်နေ့ထိ ပြုလုပ်သွားမည် ဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာလလည်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ရေကြီး မှုဖြစ်စဉ်တွင် ရေဘေးဒုက္ခသည်များအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူရန်ရှိသည့်အတွက် အချိန်မှီ နေရပ် ပြန်ရန် စစ်ကောင်စီ ခေါင်ဆောင်များက တိုက်တွန်း ပြောဆိုထားသည်ဟု ၎င်းတို့အာဘော် သတင်းစာများ၌ ဖော်ပြထားသည်။

ယခုလို စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရန် ပြုလုပ်နေသည့်အပေါ် တောလှန်ရေးအင်အားစု အသီးသီး လက်မခံကြောင်း အသီးသီးထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ် တို့တွင် ကောက်ယူခဲ့ဖူးပြီး နောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ ကျော်ကြာ ၂၀၁၄ ခုနှစ်ရောက်မှသာ ထပ်မံကောက်ယူ နိုင်ခဲ့သည်။

၁၉၇၃ နှစ် ကောက်ယူစဉ် ကျား/မ လူဦးရေစုစုပေါင်း ၂၈ သန်းကျော်ရှိခဲ့သလို ၂၀၁၄ ခုနှစ် ကောက်ယူမှုတွင် ၅၁.၄ သန်းကျော်ရှိသည်ဟု သိရသည်။

Most read this week

September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...
September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...
September 26, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...