ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် တပ်စခန်း ၅ နေရာကို KIA ပူးပေါင်းတပ်သိမ်းပိုက်

ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် တပ်စခန်း ၅ နေရာကို KIA ပူးပေါင်းတပ်သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကချင်အထူးဒေသ ၁ အတွင်းရှိ  ချီဖွေမြို့  မြို့မရဲစခန်း၊ ချီဖွေကနေ ပန်ဝါသွားလမ်းပေါ်က ၄ မိုင်စစ်တပ်ဂိတ်၊ ချီဖွေမြို့အဝင် နန်းဦးပြည်သူ့စစ်ဂိတ် ၊ ကန်ပိုင်ယန်သွားလမ်း အေးရှားဝေါဘောလုံးကွင်းအနီးက ကာကင်းစခန်းတစ်ခုနဲ့ ရှငေါ် ပြည်သူ့စစ်ဂိတ်အပါအားလုံးကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ တစ်ရက်အတွင်း တစ်ပြိုင်နက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။

“တိုက်ပွဲက မနေ့က မနက်ပိုင်း ၅ နာရီလောက်မှာ အေးရှားဝေါး ဘောလုံးကွင်းနေရာကနေ စတင်ပစ်ခတ်မှုဖြစ်ပွားရာကနေ တစ်ရက်လုံး ချီဖွေမြို့မှာ တိုက်ပွဲဖြစ်တယ်။ ည ၁၂ နာရီလောက်မှာက စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ လာကြဲတဲ့ ဗုံးအရေအတွက်က အချက် ၄၀ လောက်ရှိမယ်။ ညသန်ခေါင်ယံဆိုတော့ သေချာမသိဘူး။ ချီဖွေမြို့တွင်း ထိခိုက်မှုကများတယ်”လို့ချီဖွေမြို့မှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ရဲတပ်သား အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ချီဖွေမြို့မရဲစခန်းကို စက်တင်ဘာလ ၂၉ ရက်နေ့  မွန်းလွှဲ ၂ နာရီဝန်းကျင် သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းမှူးထိုင်ထားတဲ့ ချီဖွေ စစ်တပ်ကုန်းနေရာကို ည ၈ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။

ချီဖွေမြို့စောင့်တပ်ဖြစ်တဲ့ စစ်တပ်ကုန်းမှာ စစ်အင်အား ၅၀ ဝန်းကျင်ရှိပြီး KIA ရဲ့ တိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုများသလို တပ်သားတစ်ချို့ အရပ်ဝတ်တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားသူလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိ ချီဖွေမြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ထားပြီလို့ ချီဖွေဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။

“KIA ဘက်ကတော့ မြို့တစ်ခုလုံးကို သိမ်းထားပြီဖြစ်တဲ့အတွက် အုပ်ချုပ်ရေးတွေလည်ပတ်လာအောင်အထိ လုပ်သွားမယ်လို့ထင်ပါတယ်။ ဒါပေမယ့် စစ်တပ်ကလည်း လေကြောင်းနဲ့ လာပစ်နေတယ်ဆိုတော့ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်မလဲပေါ့။ အခုချိန်တော့ မြို့တစ်ခုလုံးကို KIA ထိန်းချုပ်ထားပြီလို့ ပြောလို့ရပါတယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချီဖွေမြို့တစ်ခုလုံးအပါ မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်စခန်း ၅ နေရာကို လက်လွတ်လိုက်ရတဲ့အတွက် မနေ့ည ၁၂ နာရီလောက်မှာ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်း ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ချီဖွေဒေသခံပြည်သူတွေဟာ  တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကနေ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြို့တွင်းထဲကနေ ကိုယ်လွတ်ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဆက်သိရပါတယ်။

ချီဖွေမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG သတင်းဌာနကနေဆက်သွယ်မေးမြန်းရာ မြို့တွင်းရဲစခန်းအပါ မြို့တွင်း စစ်တပ်ကုန်းနဲ့ တခြားရှေ့တန်းတပ်စခန်းတစ်ချို့ကို သိမ်းပိုက်ထားတဲ့အပြင် တိုက်ပွဲဆက်လက်ဖြစ်နေဆဲဖြစ်တယ်လို့ ပြောဆိုပါတယ်။

“မြို့နေရာတွေက သိမ်းပိုက်ထားတယ်။ ရဲစခန်းပါမယ်။ တပ်မကုန်းက သိမ်းဖို့ကျန်သေးတယ်လို့တော့ကြားတယ်။ အဲ့ကြောင့် ပစ်နေကြသေးတယ်။ ရှငေါ်ဘက်မှာလည်း သိမ်းပိုက်ထားရှိတယ် လောလောဆယ်က အဲလောက်ပဲကြားရသေးတယ်”လို့ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ ချီဖွေဒေသဟာ တခြားမြို့နယ်တွေလို တိုက်ပွဲမကြာခဏဖြစ်ပွားတာနည်းပေမယ့် အာဏာသိမ်းစစ်ကောင်စီရှိတဲ့ မည်သည့်နေရာဒေသမဆို ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကနေ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်၊ ကျေးရွာတွေမှာ ရှိတဲ့ စစ်ကောင်စီတပ်နေရာတွေကို စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

ချီဖွေမြို့ဟာ ခရိုင်ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ပြီး မြစ်ကြီးနားကနေ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်မှာ ရှိပါတယ်။

အရှေ့တောင်ဖက် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့နဲ့ မိုင် ၄၀ မိုင်ခန့်ကွာဝေးသလို မြောက်ဖက်မှာ လောက်ခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့ဘက်ကို ကားလမ်းဖြင့် ဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။

လတ်တလော KIA ပူးပေါင်းတပ်က ချီဖွေမြို့ကိုသိမ်းပိုက်ထားပြီး ဆော့လော်တပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ သိရပေမယ့်  အသေးစိတ်သိရဖို့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ရ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးမှာ ဆဒုံးမြို့၊လွယ်ဂျယ်မြို့၊မိုးမောက်မြို့၊ဆင်ဘိုမြို့၊ဆွမ်ပရာဘွမ်မြို့၊အင်ဂျန်းယန်မြို့၊ မြို့လှမြို့၊ မဘိမ်းမြို့၊ချီဖွေမြို့အပါအဝင် တပ်စခန်းပေါင်း ၂၂၀ ဝန်းကျင်ကိုသိမ်းပိုက်ရရှိထားပြီလည်းဖြစ်ပါတယ်။

၁၉၆၅ ခုနှစ် ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းဟာ ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေ ပုဒ်မ ၃၇၇ ပုပ်မအရ ပြည်ထောင်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်လို့ ဖော်ပြလာချိန် စစ်အစိုးရလက်ထက်တလျှောက် အပစ်ရပ်ခဲ့သူတွေကို ပြည်သူ့စစ် ၊ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းဖို့ ဖိအားပေးလာချိန်မှာတော့ ဦးဇခုန်တိန့်ယိန်းအဖွဲ့ဟာ ကချင် ဒီမိုကရေစီသစ်တပ်မတော် NDA-K ကနေ နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၉ မှာ ပြောင်းလဲ ရပ်တည်လိုက်ပါတယ်။

Most read this week

September 27, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ကို ...
September 25, 2024
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး...
September 25, 2024
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို...
September 24, 2024
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်...