မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းအသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်များတွေ့ဆုံစဉ် ပြောဆို ဆွေးနွေးခဲ့

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းအသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်များတွေ့ဆုံစဉ် ပြောဆို ဆွေးနွေးခဲ့

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄ ရက်နေ့တွင် ကော်သူးလေနယ်မြေတစ်နေရာ၌ တွေ့ဆုံစဉ် လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များ ပြောဆိုရာ၌ အလွတ်သဘောဆွေးနွေးခဲ့သည်ဟု အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သူ ထိပ်ပိုင်း အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းကို လက်ရှိတွင် ကေအဲန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့် မဟာမိတ်တပ်တို့က ထိန်းချုပ်ထားပြီး လမ်းအသုံးပြုခွင့်ပေးရန် တစ်ချို့အင်အားစုများက လိုလား နေ သည်ဟု သတင်းများ ထွက်ပေါ်နေပြီးနောက် ယခုလို ကရင့်လက်နက်ကိုင်တပ်များ တွေ့ဆုံစဉ် ပြောဆို ဆွေးနွေးခဲ့သည်အထိ ရှိလာခဲ့ ခြင်းဖြစ်သည်။

“အခု ဒီလမ်းပိုင်းက ပိတ်ထားတယ်။ ဒီတော့ တခြားလမ်းတွေက ကုန်သွယ်ရေးကိစ္စ၊ ခရီးသွားလာရေး ကိစ္စသုံးနေတယ်။ သုံးတဲ့လမ်းပိုင်းကလည်း လမ်းမကောင်းသလို၊ ယာဉ်ကြပ်တာမျိုးတွေ ရှိတယ်။ အခုတွေ့တဲ့အချိန် လမ်းပန်းဆက်သွယ်ရေးအပိုင်း ဆွေးနွေးတော့ ပြောဆိုကြတာရှိတယ်။ ဖွင့်ပေးဖို့ သဘောထားမကျဘူး” ဟု ကရင့် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ စက်တင်ဘာ ၂၆ ရက်၊ ယနေ့တွင် ပြောသည်။

စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များတွေ့ဆုံခဲ့မှုတွင် ကေအဲန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၆)၊ တပ်မဟာ (၇)တို့မှ ခေါင်း ဆောင် များ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ထိပ်ပိုင်းခေါင်းဆောင်များ၊ ကရင်နယ်ခြား စောင့်တပ်-BGF ခေါင်ဆောင်များနှင့် ငြိမ်းချမ်းရေးကောင်စီ (PC) ထိပ်ပိုင်းခေါင်ဆောင်များ ပါဝင်သည်ဟု သိရသည်။

ထို့အပြင် အဆိုပါ လမ်းပိုင်းပြန်ဖွင့်ရန် ထိုင်းကုန်သည်ကြီးများနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ညှိနှိုင်း မှုပြုလုပ်နေသည်ဟု မြဝတီမြို့ ကုန်သည်အသိုင်းအဝိုင်းတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် သတင်း ထွက်ပေါ်နေသည်ဟု ကေအိုင်စီ၏မြို့ခံ သတင်းရင်းမြစ်များက ပြောသည်။

“အခွန်အခ လမ်းကြေးကိစ္စတွေ ညှိနှိုင်းမှု အဆင်ပြေရင် ပြန်ဖွင့်မယ်ကြားထားတယ်။ ထိုင်းကုန် သည်ကြီးတွေရော ကရင်တပ်ဖွဲ့တွေရော လမ်းပြန်ဖွင့်ဖို့ ပြောတာမျိုးရှိတယ် လည်းကြားတယ်။ ဘာဆက်ဖြစ်လာမလဲတော့ မသိဘူး" ဟု မြဝတီမြို့ရှိ ပို့ကုန်သွင်းကုန် လုပ်ကိုင်နေသူ ကုန်သည် တစ်ဦးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့် စစ်ကောင်စီ၏ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတို့ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့တွင် ဖားအံမြို့ စစ်ကောင်စီရုံး၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များ စသည့်ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန် ထားသည်။

ထိုင်းနှင့်  မြန်မာနှစ်နိုင်ငံ အဓိက ကုန်သွယ်မှု လမ်းကြောင်းတစ်ခုဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းမကို စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ၂ နှစ်နီးပါးဖြတ်သန်းသွားလာခွင့်ပိတ်ထားခြင်းဖြစ်သည်။

Most read this week

September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...
September 26, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...
September 25, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏တပ်ရင်း(၃)ရင်းတွင်...
September 25, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...