မိုးညှင်းခရိုင်အတွင်းရှိ တောင်သူများက စိုက်ဘဏ်ချေးငွေထုတ်ယူနိုင်ဖို့ လယ်ပိုင်ရှင်တစ်ဦးလျှင် (၃)သောင်းကျပ်ပေးဆောင်ခဲ့ရ

မိုးညှင်းခရိုင်အတွင်းရှိ တောင်သူများက စိုက်ဘဏ်ချေးငွေထုတ်ယူနိုင်ဖို့ လယ်ပိုင်ရှင်တစ်ဦးလျှင် (၃)သောင်းကျပ်ပေးဆောင်ခဲ့ရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းက မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်ရှိ တောင်သူတွေဟာ အစိုးရကထုတ်ချေးပေးတဲ့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ယူနိုင်ဖို့အတွက် စိုက်ပျိုးရေးဘဏ်က ဝန်ထမ်းတွေကို  လယ်ပိုင်ရှင် တစ်ဦးလျှင် ကျပ်(၃)သောင်းကျပ်ပေးဆောင်ခဲ့ရတယ်လို့ တောင်သူများထံမှ သိရပါတယ်။

သုံးသောင်းကျပ်ကို ဘဏ်ချေးငွေထုတ်ပေးတဲ့ ဘဏ်ဝန်ထမ်းကိုပေးဆောင်ရတာဖြစ်ပြီး  တောင်သူအားလုံး တစ်ဦးမကျန်အခုလိုပေးဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုလိုငွေကြေးပေးဆောင်ရတာဟာ ချေးငွေစတင်ပေးတဲ့ မေလ ၂၁ ရက်နေ့ ကစတင်ပြီး အခု စက်တင်ဘာလအထိဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

“ ဘာကြောင့်ပေးရတာလဲဆိုရင် သူတို့ပြောတာတော့ KIA တွေကိုလည်း အခွန်ဆောင်နေကြတာပဲကို သူတို့(ဘဏ်ဝန်ထမ်း)ကိုလည်း အခွန်ဆောင်ရမယ်တဲ့လေ ဘာမဟုတ်ပဲနဲ့ဒီတိုင်းတောင်းနေကြတာ ဒီပိုက်ဆံသုံးသောင်းကိုလည်း တောင်သူတွေက အရင်ပေးရတာ ဘဏ်ချေးငွေမထုတ်ပေးခင်ကို အဲ့သလိုမျိုးဖြစ်ခဲ့တာ  ငွေသက်သက်မယ့်ရချင်လို့ တောင်းတာ”  ဟု မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက တောင်သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ အခုလိုပေးဆောင်ရခြင်းမရှိခဲ့ဖူးဘဲ  ယခုနှစ်မှာမှ  ဘဏ်ဝန်ထမ်းတွေက  တောင်းခံလာတာဖြစ်တယ်လို့ တောင်သူဒေသခံတွေက  ဆိုကြပါတယ်။

ဘဏ်ဝန်ထမ်းတွေဘက်က အခုလိုငွေကြေးတောင်းခံတဲ့နေရာမှာ လယ်ဧကနဲ့တွက်ချက်တာမဟုတ်ဘဲ ချေးငွေလာထုတ်တဲ့ သူတိုင်းကို တောင်းခံတာဖြစ်တယ်လို့ သိရပါတယ်။

“ လယ်ပိုင်ရှင်တစ်ချို့ကတော့ အတွန့်တက်တတ်ကြတယ် ကြည်တော့ဘယ်ကြည်ဖြူကြပါ့မလဲ  ဧကနည်းတဲ့လယ်ရှင်တွေဆို ပိုနစ်နာတာပေါ့ ဒါပေမယ့် အကုန်တော့ပေးကြတာပဲလေ  မပေးရင် ဘဏ်ချေးငွေထုတ်ပါ့မထုတ်ပေးတော့တာ” ဟု မိုးကောင်းမြို့နယ်က  ဘဏ်ချေးငွေထုတ်ချေးခဲ့တဲ့ တောင်သူတစ်ဦးက ဆိုပါတယ်။  

မိုးညှင်းမြို့နယ်မှာ လယ်ယာဘဏ်ချေးငွေ ထုတ်ယူတဲ့ တောင်သူ(၆၅၀၀)ဦးရှိကာ ပေးဆောင်ခဲ့ရတဲ့ငွေပမဏာအားဖြင့် ကျပ်သိန်းနှစ်ထောင်နီးပါးရှိတယ်လို့ သိရပါတယ်။

မိုးညှင်းခရိုင်ထဲမှာ စုစုပေါင်း လယ်ယာစိုက်ပျိုးရေးဘဏ်ချေးငွေထုတ်သူပေါင်း ကိုးထောင်ဝန်းကျင်ရှိပြီး ကျပ်သန်းပေါင်း နှစ်ထောင်ခုနှစ်ရာကျော်ပေးခဲ့ပေမယ့် ချေးငွေမရရှိသေးသူတွေများစွာရှိသေးကြောင်းသိရပါတယ်။

Most read this week

September 25, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ ဆိပ်မူကျေးရွာတွေကနေ မြို့ကြီးတွေဆီဘက်ကို အခုရက်ပိုင်းမှာ...
September 23, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ စက်တင်ဘာလဒုတိယအပတ်အတွင်း ...
September 17, 2024
ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း...
September 12, 2024
ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို...