နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ဖိတ်ခေါ်မှုကို အယုံအကြည်မရှိဘူးလို့ ကရင်နီပြည်တပ်မတော် (KA)ပြော

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ဖိတ်ခေါ်မှုကို အယုံအကြည်မရှိဘူးလို့ ကရင်နီပြည်တပ်မတော် (KA)ပြော

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်မှုအပေါ် အယုံအကြည်မရှိဘူးလို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း (မ်) ကို‌ပြောပါတယ်။

“ကျနော်အနေနဲ့တော့ မယုံပါဘူး။ တော်လှန်ရေးသက်တမ်း ၅၃ နှစ်ပြည့်ပြီ ဒီတစ်နှစ် ကျနော်ဝင်လာတာ။ …နိုင်ငံရေးနဲ ဖြေရှင်းမယ်ဆို ဘာနိုင်ငံရေးလဲ။ နိုင်ငံရေးရှိရင် ဒီမိုကရေစီပေးပေါ့။ စစ်အာဏာ မကိုင်ခိုင်းနဲ့ပေါ့။ အခုက နေရာတကာမှာသူတို့ ချုပ်ချယ်တယ်။ ခြယ်လှယ်တယ်။ သူ့ကိုယုံကြည်ဖို့ကတော့ လာမပြောနဲ့” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူတော့မှာဖြစ်ပါတယ်။

သန်းခေါင်စာရင်း မကောက်မီအချိန်မှာပဲ လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့် သော်လည်းကောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းဖြင့် သော်လည်းကောင်း ပါဝင်ဖို့ စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ကမ်းလှမ်းတာပါ။

ကရင်နီပြည်မှာ စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်တဲ့ လွိုင်ကော်မြို့တွင်းမှာလည်း ရေဘေးကူညီကယ်ဆယ်‌ရေးလုပ်နေသလို တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း ပျက်စီးဆုံးရှံးသွားတဲ့ ဆိုင်တန်း၊ ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်မီး၊ ကျောင်းပြန်လည်ဖွင့်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးကို ကြိုး‌ပမ်းနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်နေပါတယ်။

တစ်ချိန်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာ‌ဒေသဖြစ်တဲ့ ရှမ်း-ကရင်နီနယ်စပ်ရှိ ကျေးရွာတွေမှာတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

“တိုင်းပြည်တစ်ခုက နိုင်ငံရေးရှိရမယ်။ အုပ်ချုပ်ရေးတွေရှိမယ်။ တရားစီရင်ရေး မဏ္ဠိုင် တွေရှိမယ်။ ဒါပေမဲ့ ဒီကောင်တွေက ငါတို့ကို စာရင်းမထည့်ဘူး။ ကရင်နီပြည်က သေးသေးလေးပဲ။ ဒါမဲ့ ဗုံးကြဲတာ အများဆုံးက ကရင်နီပြည်ပဲ။ ဗုံးကြဲတာထောင်ကျော်ပြီနော။ အလုံးရေတော့ ကျနော်မပြောဘူး။ ကြိမ်ရေ‌ပေါင်းက ထောင်ကျော်ပြီ။ ငါတို့ ပြည်နယ်ကို သူကြေမွအောင်လုပ်မှာပဲပေါ့” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံ‌ရေးလမ်းစဥ်အတိုင်းမဖြေရှင်းပဲ လက်နက်ကိုင်လမ်းစဥ်၊ အကြမ်းဖက်လမ်းစဥ် ရွေးချယ်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေကြောင့် နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ် ဆုံးရှုံးတာ၊ နိုင်ငံတော်ရဲ့ အဆောက်အအုံများပျက်စီးတာ ၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးတာဖြစ်ပေါ်ရတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုထားပါတယ်။

ကရင်နီပြည်အတိုင်းအတာနဲ့ ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း ကရင်နီ တော်လှန်‌ရေး အင်အားစုတွေက ပြောဆိုကြပြီး ရွေးကောက်ပွဲ မကျင်းပနိုင်အောင်လည်း ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေ‌ဘေးသင့်ပြည်သူတွေအတွက် ပျက်စီးမှု အနည်းအများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး ခြောက်လအတွင်း ပြန်လည်ထူထောင်‌ရေးကို ပြီးစီးအောင်လုပ်ဖို့ကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သဘာဝဘေးအန္တာရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။

Most read this week

September 26, 2024
မိုးဗြဲရေကာတာကနေဆည် ရေဖောက်ချနေဆဲဖြစ်တာကြောင့် ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့ ၊...
September 24, 2024
စက်တင်ဘာလ တတိယပတ်ကစပြီး ကရင်နီပြည် ၊ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီး တလျှောက်က ကျေးရွာတွေမှာ...
September 23, 2024
ကရင်နီပြည်တွင်းမှာ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
September 23, 2024
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကရင်နီပြည်  ဘောလခဲမြို့မှာ ရေဘေးသင့်ပြည်သူတွေကို...