မိုးမောက်မြို့ ပြန်သိမ်းနိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်လကျော်ကြာမြင့်လာ

မိုးမောက်မြို့ ပြန်သိမ်းနိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်လကျော်ကြာမြင့်လာ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ကို  စစ်ကောင်စီတပ်က လေကြောင်းအပြင် မြေပြင် နဲ့ စစ်အင်အားအလုံးအရင်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

မိုးမောက်မြို့တစ်ခုလုံး အပါအဝင်  ခမရ ၄၃၇ တပ်ရင်းကို KIA တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ အပြီးသတ်သိမ်းပိုက်လိုက်တဲ့နောက် ၄ ရက်အကြာ စစ်ကောင်စီတပ်တွေဟာ အင်အား ၄၀၀ ကျော်ခန့်နဲ့ မိုးမောက်ဘက်ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်လွတ်လိုက်ရတဲ့ မိုးမောက်မြို့နယ်တစ်ခုလုံးကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်တွေက ဗန်းမော်နဲ့ မိုးမောက်ကြား ၆ မိုင်နဲ့ ၇ မိုင်ကုန်း အောင်မြေကျေးရွာမှာ ခုခံတိုက်ခိုက်နေတဲ့အတွက် နေစဉ်တိုက်ပွဲဖြစ်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာက ၆ မိုင်နဲ့ ၇ မိုင်ကုန်း ၊ အောင်မြေကျေးရွာမှာပဲဖြစ်နေသေးတယ်။ ဗန်းမော်ဘက်ကနေ စစ်အင်အားတွေ အများကြီးထိုးလာတယ်။ အဲဒီနေရာမှာပဲ နေ့တိုင်းလိုလိုဖြစ်နေတာ။ လေယာဉ်လည်း နေ့တိုင်းလိုလိုလာကြဲနေတာ”လို့ပြောပါတယ်။

မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းကို လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေအပါ မိုးမောက်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ တက်လာခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတာကြောင့်  ၆ မိုင်နဲ့ ၇ မိုင်နေရာမှာ ဖြည်းဖြည်းချင်းတက်နိုင်ဖို့ စစ်ဆင်ရေးလုပ်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဂျက်လေယာဉ် ၊ Y – 12 လေယာဉ်အမျိုးစားတွေ အသုံးပြုပြီး တစ်ရက်ကို ၂ ကြိမ်၊၂ ရက်ခြားပြီး တစ်ကြိမ် ပုံမှန် လာရောက်ဗုံးကြဲတိုက်ခိုက်နေသလို ဒရုန်းလက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ စစ်ကောင်စီတပ်တွေ လေကြောင်းကနေ ၇ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ မန္တလေးဘက်ကနေ စစ်လက်နက်အပါ စစ်ရိက္ခာသယ်လာတဲ့ စစ်သင်္ဘောတစ်စီး ဗန်းမော်မြို့ထဲကို ဝင်ရောက်သွားပြီးနောက် မိုးမောက်ဘက်ကို စစ်အင်အားထပ်မံဖြည့်တင်းပြီး စစ်ဆင်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း ဗန်းမော်ဒေသခံ တစ်ချို့သုံးသပ်ပြောဆိုနေကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းမှာ လက်လွတ်လိုက်ရတဲ့ ဗျူဟာမြောက်တပ်စခန်းတွေ၊ တပ်ရင်းနေရာတွေကို ပြန်လည်ရယူဖို့ ‘ရန်နိုင်မင်းစစ်ဆင်ရေး’ခေါင်းစဉ်နဲ့ စက်တင်ဘာလ ၁ ရက်နေ့ ကနေ စစ်ဆင်စတင်နေပြီဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုထားတာလည်းဖြစ်ပါတယ်။

မိုးမောက်မြို့နယ်တစ်ခုလုံး စစ်တပ်ကင်းစင်နယ်မြေ ဖြစ်ဖို့ KIA ပူးပေါင်းတပ်တွေဟာ ၄ လလောက်အကြာ စစ်ဆင်ရေးဖော်ဆောင်မှသာ အပြီးသတ် သိမ်းပိုက်ရရှိထားတာလည်းဖြစ်ပါတယ်။

မိုးမောက်မြို့နယ်ဟာ ဗန်းမော်ကနေ ၇ မိုင်ဝေးတဲ့နေရာမှာ ရှိပါတယ်။

Most read this week

September 25, 2024
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး...
September 25, 2024
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို...
September 24, 2024
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်...
September 23, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က နယ်မြေမှူးတွေကို...