စစ်တွေမြို့ပြင် ကျေးရွာများမှ နှင်ထုတ်ခံလိုက်ရသူများ၏ နေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများကို စစ်သားများက ဈေးချရောင်းစားနေ

စစ်တွေမြို့ပြင် ကျေးရွာများမှ နှင်ထုတ်ခံလိုက်ရသူများ၏ နေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများကို စစ်သားများက ဈေးချရောင်းစားနေ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာအများအပြားမှ ရွာသူ ရွာသားများကို စစ်ကောင်စီက အတင်းဓမ္မနှင်ထုတ်ပြီးနောက်ပိုင်း ရွာတွင်ကျန်ရှိနေသည့် ပြည်သူပိုင် နေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများကို စစ်ကောင်စီစစ်သားများက ဖြိုဖျက်ပြီး တန်ကြေးထက်နိမ့်ကာ  ဈေးချ၍ ရောင်းစားနေကြောင်း သတင်းရရှိသည်။

‌စစ်တွေမြို့နှင့်အနီးဆုံးရွာများဖြစ်သည့် ဗျိုင်းဖြူရွာ၊ ရွှေပြည်သာနှင့် ကျေးတောရွာများမှ ရွာသားများကို ရွာမှနှင်ထုတ်ပြီး နောက်ပိုင်း သူတို့၏ နေအိမ်နှင့်အသုံးအဆောင် ပစ္စည်းများကို စစ်ကောင်စီစစ်သားများကဖြိုဖျက်ပြီး တေဘာကားတစ်စီးစာပါ ပစ္စည်းတွေကို ငွေကျပ် ၄ သိန်းမှ ၆ သိန်းအထိဖြင့် ရောင်းစားနေကြ‌သည်ဟု စစ်တွေဒေသခံ အမျိုးသမီး တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" အခုရွာမှာဆိုရင် ဖြိုလို့ရတဲ့ အိမ်ဆိုဖြိုတယ်။ အိမ်အသုံးအ‌ဆောင်ပစ္စည်းတွေ ဘာမှ မကျန်တော့ဘူး။ အကုန်လုံးကို ယူတယ်။ စစ်သားတွေက မွတ်ဆလင် စီးပွားရေး သမားတွေကိုခေါ်ပြီး တေဘာတစ်စီးစာပါ ပစ္စည်းတွေကို  ၄ သိန်းကနေ ၆ သိန်းအထိ ပေးပြီး ရောင်းစားနေကြတယ်။ ရွာသားတွေကိုနှင်ထုတ်ရုံတင်မကဘူး။ ပြည်သူတွေရဲ့မျက်ရည်စာကို စားနေကြတယ် " ဟုပြောသည်။

စစ်တွေမြို့နယ်တွင် ဇွန်လအတွင်းက ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲ ပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲ၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများမှ ရွာသားများကို စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်ခဲ့ပြီး ရွာထဲမှ အိမ်ကြီးအိမ်ကောင်းများကို ဖြိုဖျက်ပြီး ရောင်းစားနေကြသလို အိမ်သုံးပရိဘောဂများကိုလည်း ယူဆောင်ကာ စစ်သားများက ရောင်းစားနေကြသည်ဟု ဒေသခံများက နိရဉ္စရာသို့ ပြောကြားကြသည်။

ယင်းအပြင် မေလနောက်ဆုံးအပတ်ကလည်း ဗျိုင်းဖြူကျေးရွာသားများကို စစ်ကောင်စီက နှင်ထုတ်ခဲ့ပြီး ယခုစက်တင်ဘာလတွင် ဗျိုင်းဖြူရွာအနီးရှိ ရွှေပြည်သာကျေးရွာနှင့် ကျေးတောရွာကို ထပ်မံနှင်ထုတ်ခဲ့သည်။

နှင်ထုတ်ခံရသည့် ထောင်နှင့်ချီရှိသည့် ပြည်သူများကို  စစ်ကောင်စီက တစုံတရာ တာဝန်ယူမှု မရှိသည့်အပြင် ကျန်ရှိနေခဲ့သည့် နေအိမ်များကို ဖြိုဖျက်ပြီး ရောင်းစားနေကြသလို အိမ်ထောင် ပရိဘောဂများအားလုံးကိုလည်း တေပါကားများနှင့် တင်ဆောင်ကာ ယူဆောင်သွားကြသည်ဟု ကျေးရွာသားများက  နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ဘေးရှောင်ကလေးမိခင် တစ်ဦးက " သူတို့က ရွာသားတွေကို ရွာမှာမနေနဲ့ တစ်ယောက်မှ မကျန်နှင်ထုတ်တယ်။ ပြီးရင် ဘုန်းကြီးကျောင်းတွေမှာထားတယ်။ အဝတ်အထည် အနည်းငယ် လောက်နဲ့ ထမင်းချက်စားဖို့ အိုးတစ်လုံးနှစ်လုံးပါလာတယ်။ ကျန်တာမပါလာဘူး။ ထားခဲ့ရတယ်။ ကလေးကလည်းငယ်သေးတယ်။ အခုချိန်ထိ ပြည်နယ်အစိုးရဆီက ထမင်းတနပ်တောင်မထောက်ပံ့ဘူး။ ပါလာတဲ့ဆန်တွေလည်း ကုန်ပြီ။ ငတ်တဲ့သူတွေငတ်၊ ကိုယ့် မျက်လုံးထဲမှာ မြင်နေရတာ။ အခုဆို အိမ်ကပစ္စည်းတွေ၊ အိမ်တွေလည်း အကုန် ရောင်းစားခံလိုက်ရပြီ " ဟုပြောသည်။

လက်ရှိတွင် စစ်တွေမြို့၏ တဖက်ကမ်း ရွှေပြည်သာအပါအဝင် ကျေးတောရွာမှ စ၍ ရွှေမင်းဂံဆိပ်ကမ်းရှိသည့်နေရာအထိ စစ်သားအများအပြားသည် ရွာများတွင် တပ်စွဲနေရာ ယူထားကြကြောင်း နောက်ထပ်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" အခုဆိုရင် စစ်တွေနဲ့ကျေးတောတို့၊ ရွှေပြည်သာကိုဆက်သွယ်ထားတဲ့ ဆတ်ရိုးကျ တံတားကနေ မြို့ပြင်ဘက် တောက်လျှောက် စစ်တပ်နယ်မြေဖြစ်သွားပြီ။ ရွာမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ အရပ်သားတွေ မရှိတော့တဲ့အခါ အကုန်လုံး ဖြိုပြီး စစ်သားတွေ ရောင်းနေကြတာ " ဟုပြောသည်။

စစ်တွေကို အာရက္ခတပ်တော်(AA) ဝင်ရောက်တိုက်ခိုက်မည်ကို အကြောင်းပြကာ စစ်တွေမြို့ ပြင် ဘေးပတ်လယ်ရှိ ကျေးရွာများမှ ရွာသားများကို နှင်ထုတ်ကာ စစ်တပ်က ဝင်ရောက်နေရာယူပြီးနောက် နေအိမ်များကို ဖြိုဖျက်ကာ ရောင်းစားနေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Most read this week

September 26, 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ်ဖြင့်...
September 24, 2024
ရခိုင်ပြည်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) များ ရှားပါးမှုနှင့် ဈေးမြင့်တက်မှုများကြောင့်...
September 24, 2024
အာရက္ခတပ်တော် (AA) အပါအဝင် မြန်မာစစ်အစိုးရအား ဆန့်ကျင်နေသည့်အတိုက်အခံ အင်အားစုများကို...
September 23, 2024
ရခိုင်ပြည်မြို့တော် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ(ANP) ပါတီ ဗဟိုရုံးချုပ်ကို စစ်ကောင်စီက...