ထိုင်းရောက်မြန်မာများ သတိထားနေထိုင်ကြရန် အလုပ်သမားအရေးလှုပ်ရှားသူတို့ တိုက်တွန်း

ထိုင်းရောက်မြန်မာများ သတိထားနေထိုင်ကြရန် အလုပ်သမားအရေးလှုပ်ရှားသူတို့ တိုက်တွန်း

ထိုင်းနိုင်ငံသို့ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ အသွားအလာ၊ အနေအထိုင် သတိရှိကြရန် ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတို့က သတိပေး တိုက်တွန်းပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်ခွင့်မရှိသည့် လုပ်ငန်းများကို လုပ်ကိုင်သည်ဟုဆိုကာ စက်တင်ဘာလအတွင်းက Tik Tok လူမှုကွန်ရက်မှတဆင့် လိုက်ဖ်လွှင့်ပြီး စျေးရောင်းခဲ့သည့် မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့သည်။

၎င်းပြင် ကျောင်းတွင် မြန်မာနိုင်ငံတော်သီချင်းဆိုသည်ဆိုပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်ရှိ မေတ္တာရိပ်ကျောင်းအပါအဝင် မြန်မာဘာသာစကားနှင့် သင်ကြားနေသည့် ကျောင်း ၆ ကျောင်းကို ထိုင်း အာဏာပိုင်တို့က ပိတ်သိမ်းခဲ့သည်။

“အခုဖြစ်လာတဲ့ ဥပဒေရေးရာပိုင်းမှာ ငြှိစွန်းတဲ့သူတွေ အဖမ်းခံရသူတွေ ဒါဟာ ဥပဒေကို ကျော်လွန်တဲ့ကိစ္စတွေဖြစ်တယ်။ တကယ်လို့ မိမိက ဥပဒေကိုကျော်လွန်ပြီးတော့ အလုပ်လုပ်စားနေခဲ့တယ်ဆိုရင် ကိုယ်ဘာပဲလုပ်လုပ်ပေါ့နော် သိုသိုသိပ်သိပ်ပေါ့ လူမှုကွန်ရက်တွေမှာ တင်ပြီးတော့ မကြွားကြဖို့ လိုအပ်တယ်။ တချို့ရပ်ကွက်မှာ ချဲရောင်းတယ်။ သူတို့ကို သွားကြည့်လိုက်ရင် စိန်တွေ ဝတ်ထားတယ်။ ဒါ မဖြစ်သင့်ဘူးပေါ့နော်။ နောက်ဆုံး ရဲကိုသတင်းပေးလိုက်တော့ အဲအိမ်တွေကို ရဲဝိုင်းမယ်၊ စောင့်ကြည့်မယ်။ ဒါကြောင့်မို့ အလုပ်သမားတွေအနေနဲ့ ကိုယ်က ဥပဒေကို ကျော်လွန်ပြီး လုပ်ကိုင်စားသောက်နေတယ်ဆိုရင်လည်း သိုသိုသိပ်သိပ် လုပ်ကိုင်စားသောက်ကြသင့်တယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအဖွဲ့ ဦးဆောင်တည်ထောင်သူတစ်ဦးဖြစ်သည့် မဦးက ပြောသည်။

ထိုကဲ့သို့သော ဖြစ်စဉ်များ ဖြစ်ပွားလာပြီးနောက်ပိုင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်ပြီး ထိုင်းလူမျိုးများကြား ပြောဆိုစရာများဖြစ်လာနေပြီး ထိုင်းအာဏာပိုင်တို့ကပင် စောင့်ကြည့်လာနေသည့် အနေအထားရှိလာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ထိုင်းဘုရင်စနစ်ကိုထောက်ခံသည့် ထိုင်းမျိုးချစ် ၂၀ ဦးခန့်တို့က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှုတစ်ခု လုပ်ခဲ့သေးသည်။

ဆန္ဒပြထိုင်းလူမျိုးတို့က ထိုင်းလူမျိုးများ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်၊ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့အခြေချလာသည့် မြန်မာလူမျိုးများ၏ ပြဿနာများကို ဖြေရှင်းပေးရန်နှင့် တာဝန်ယူရန်ဆိုပြီး တောင်းဆိုခဲ့ကြသည်။

ထိုဆန္ဒပြမှုမတိုင်ခင်ကလည်း ထိုင်းမျိုးချစ်အဖွဲ့အစည်း ၄ ဖွဲ့ဘက်က ထိုင်း‌နိုင်ငံရောက် သုံးနိုင်ငံ (မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား) က ရွှေ့ပြောင်းအလုပ်သမားများအရေးကို တင်းကျပ်စွာကိုင်တွယ်ရန် အချက် ၈ ချက်ပါ တောင်းဆိုသည့် စာတစ်စောင်ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့တောင်းဆိုခဲ့သေးသည်။

တောင်းဆိုချက်ထဲတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များ အကူအညီအစီအစဉ်ကို ပြန်လည်သုံးသပ်ရန်၊ ထိုင်းနိုင်ငံသားခံယူခွင့်ပေးသည့်အစီအစဉ် ပြန်လည်သုံးသပ်ရန်၊ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ မိမိနိုင်ငံသို့ ပြန်လည်မီးဖွားရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံသားများ ချမှတ်ထားသည့် ဥပဒေအတိုင်းအရေးယူပြီး လွတ်မြောက်လာပါက ပြည်ဝင်ခွင့်လုံးဝပိတ်ပင်ရန် စသည့်အချက်များ ပါဝင်သည်။

လတ်တလော ဖြစ်ပွားနေသည့်အခြေအနေကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အနေအထိုင်၊ အသွားအလာ သတိထားနေထိုင်ကြရန်နှင့် အပြောအဆို ဆင်ခြင်သင့်သည့်ကာလဖြစ်သည်ဟု ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ အမှုဆောင်ဒါရိုက်တာ ဦးထူချစ်ကလည်း သတိပေးပြောဆိုထားသည်။

“ဒီနေ့ကာလက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာ အထူးသတိထား နေထိုင်၊ လုပ်ကိုင်စားသောက်နေရတဲ့ကာလဖြစ်ပါတယ်။ ထိုင်းလူမှုကွန်ရက်တွေမှာဆိုရင်လည်း မြန်မာဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ခါတိုင်းနှစ်တွေထက် ပိုပြီးလုပ်နေတာလည်း တွေ့ရပါတယ်။ ဒီအချိန်မှာ မြန်မာတွေဘက်ကလည်း ထိုင်းအစိုးရ၊ သာမန်ထိုင်းလူထုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ သဘောထားကွဲလွဲနိုင်မဲ့ အမုန်းတရားဖြစ်နိုင်တဲ့ အပြောအဆို၊ အပြုအမူတွေကို အတတ်နိုင်ဆုံး ဆင်ခြင်သင့်တဲ့ ကာလဖြစ်ပါတယ်” ဟု ဦးထူးချစ်က ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး ထိုင်းဘက် ယခုလို ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုများ ရှိလာနေသည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြားတွင်လည်း စိုးရိမ်ပူပန်းမှု မြင့်တက်လာခဲ့သည်။

“ကျွန်မတို့မှာ စစ်တွေဖြစ်လို့ ဒီဘက် (ထိုင်း) ကို ပြေးလာရတာ။ အထောက် အထားလဲမရှိပါဘူး။ အခုလိုတွေဖြစ်လာတော့ ဒီမှာလဲ မနေရဲဘူး။ ပြန်လို့လည်းမရတဲ့အခြေအနေပါ။ အခုဆိုရင် အလုပ်တောင်မှ မရှိသေးပါဘူး။ အထောက်အထားမရှိတော့ အလုပ်ကလည်း လုပ်လို့မရဘူး။ အမျိုးသားရဲ့လုပ်အားနဲ့ပဲ ရပ်တည်နေရတာပါ” ဟု ထိုင်းကို ရောက်ရှိနေသည့် ကရင်နီအမျိုးသမီးတစ်ဦးက ပြောသည်။

လတ်တလေလ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းသာမက တရားမဝင်လမ်းကြောင့်ဖြင့် ဝင်ရောက်လာသူ သိန်းနှင့် ချီရှိကြောင်း အလုပ်သမားအရေး လှုပ်ရှားနေသူတို့က ခန့်မှန်းသည်။ လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း အလုပ်လာရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား သုံးသန်းနီးပါးရှိကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ဇွန်လကနေ စက်တင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံသား ၁၉၀၀၀၀ ကျော် ဖမ်းဆီးရမိထားသည်။

Most read this week

September 27, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ ကျားတန်းဘက်က ရေလုပ်သားတို့တွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ...
September 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ရွာလုံးကျွတ်...
September 24, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဆက်လက်ဖြစ်ပွားနေပြီး...
September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...