မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဗုံးကြဲခံရမှုအတွင်း အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် အရပ်သားတစ်ဦးတို့ သေဆုံး

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဗုံးကြဲခံရမှုအတွင်း အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် အရပ်သားတစ်ဦးတို့ သေဆုံး

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အပြစ်မဲ့  ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရသွားကြောင်း နိရဥ္စရာ၏ ဆက်လက်စုံစမ်းချက်အရ သိရသည်။

သေဆုံးသူများမှာ ကမ်းထောင်းကြီးမြို့၊ ရွာသာယာရပ်ကွက်မှ မရွှေဇင်ဝင်း(၁၁)နှစ် (လည်ပင်းကိုကျည်စဖောက်ဝင်)နှင့် ဦးမောင်သန်းဌေး (၃၈)နှစ် (ဘယ်ဘက်ဘေးစ ကျည်စ ဖောက်ဝင်) တို့ဖြစ်ကြသည်။

ဒဏ်ရာရသူများအနက် သုံးဦးမှာ သေဆုံးသူများနှင့် တစ်ရပ်ကွက်တည်းနေသူဖြစ်ကြသည်။

သူတို့မှာ မထက်ထက်အေး (၁၁)နှစ် (ဘယ်ဘက်လက်မောင်းဖောက်ဝင်)၊ ဦးနီနီကျော် (၄၈)နှစ်၊ (မျက်နှာကျည်စထိမှန်)နှင့် ဦးမောင်သောင်းယိုင် (၈၀)နှစ်၊ (ဘယ်ဘက်ခြေထောက် ဒူးအောက်ပိုင်း ထိမှန်)တို့ဖြစ်ကြသည်။

၎င်းပြင် နောက်ထပ် ကမ်းထောင်းကြီးမြို့ရှိ ကယ်ဆယ်ရေး စခန်းတွင်ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၄ ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

စစ်ဘေးရှောင်များဖြစ်ကြသော အမ်းမြို့နယ်၊ ရှောက်ခြုံကျေးရွာမှ ဦးအောင်လှဦး (၇၅)နှစ် (ညာဘက်လက်မောင်း ပြတ်လုဒဏ်ရာ)၊ အမ်းမြို့နယ်၊ ကဇူးကိုင်းရွာမှ ဒေါ်လှကျော့စိန် (၇၂)နှစ် (ဘယ်ဘက်မေးစေ့ ဖောက်ဝင်)၊ အမ်းမြို့နယ်၊ အုန်းတည်ချောင်းရွာမှ ဦးကျော်မြ (၆၆)နှစ်၊ (ညာဘက်ကျောကုန်းနှင့် ညာဘက်ချိုင်းအောက် ထိမှန်)နှင့် အမ်းမြို့နယ်၊ သဲကမ်းထောင်း ကျေးရွာမှ ဒေါ်သိန်းရွှေနု (၆၈)နှစ်၊ (ဘယ်ဘက်မျက်ခုံးထိမှန်)တို့ဖြစ်ကြသည်။

ကမ်းထောင်းကြီးမြို့ ရွာသာယာရပ်ကွက်နှင့် ကယ်ဆယ်ရေးစခန်းသည် အနီးအပါးတွင် ရှိကြသည်ဟု သိရသည်။

သေဆုံး၊ ဒဏ်ရာရသူများသည် စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီခန့်တွင် တိုက်ပွဲမဖြစ်ဘဲ တည်ငြိမ်အေးချမ်းနေသည့် ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ် တစ်စီးဖြင့် နှစ်ကြိမ်တိုင်လာရောက်ဗုံးကြဲချခဲ့စဥ် ကျည်စထိမှန်သွားခဲ့ကြခြင်းဖြစ်သည်။

တစ်ကြိမ်လျှင် နှစ်လုံးစီဖြင့် စုစုပေါင်း လေးလုံးကြဲချခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

အလယ်ပိုင်းရပ်ကွက်ရှိ မြောက်ဘက်ဘုန်းတော်ကြီးကျောင်းအနီးတွင်တစ်လုံး၊ မြို့ပြင်ရှိ လေးဝတီဘုန်းတော်ကြီးကျောင်းအနီးတွင် တစ်လုံးနှင့် ရဲစခန်းအနီးတွင် နှစ်လုံး ကျရောက်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးကလည်း နိရဥ္စရာကို အတည်ပြု ပြောကြားထားသည်။

ထိခိုက်ခဲ့သူများတွင် ကမ်းထောင်းကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းတွင် တော်သလင်းလဆုတ် ၈ ရက် ဥပုသ်နေ့ဖြစ်၍ ဥပုသ်စောင့်နေသူအချို့လည်း ပါဝင်ကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦးက "ဒဏ်ရသူတွေကတော့ ဆေးကုသမှုခံယူနေရတယ်။ အဲဒီအထဲ ဒဏ်ရာပြင်းထန်သူတချို့လည်း ပါတယ်"ဟု ပြောသည်။

ယခုဖြစ်စဥ်ကြောင့် ကမ်းထောင်းကြီးမြို့ရှိ နေအိမ်အဆောက်အအုံအချို့လည်း ထိခိုက် ပျက်စီးသွားကြောင်း သိရသည်။

ကမ်းထောင်းကြီးမြို့သည် မြေပုံမြို့၏ မြို့နယ်ခွဲမြို့ဖြစ်ပြီး အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသော မြို့တစ်မြို့ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားများအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

September 26, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာအများအပြားမှ ရွာသူ ရွာသားများကို စစ်ကောင်စီက...
September 24, 2024
ရခိုင်ပြည်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) များ ရှားပါးမှုနှင့် ဈေးမြင့်တက်မှုများကြောင့်...
September 24, 2024
အာရက္ခတပ်တော် (AA) အပါအဝင် မြန်မာစစ်အစိုးရအား ဆန့်ကျင်နေသည့်အတိုက်အခံ အင်အားစုများကို...
September 23, 2024
ရခိုင်ပြည်မြို့တော် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ(ANP) ပါတီ ဗဟိုရုံးချုပ်ကို စစ်ကောင်စီက...