စစ်ရှောင်ကာလ ၇ ကျော်လာပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်

စစ်ရှောင်ကာလ ၇ ကျော်လာပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်

ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး  ကူညီထောက်ပံံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရပဲ ဆက်လက်တိမ်းဘေးရှောင်နေရတဲ့ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာအပါအဝင် ကျေးရွာအများစုက စစ်ရှောင်တွေဟာ ဇူလိုင်လ မတိုင်ခင်အထိ World Food Program (WFP) ကနေ ငွေကြေး၊ရိက္ခာ ကူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်သွားတဲ့ချိန်ကစပြီး WFP မှကူညီထောက်ပံ့မှုလည်း ကချင်စစ်ရှောင်တွေဆီ မရောက်ရှိတော့တဲ့အတွက် အစားအသောက်တွေပြတ်လပ်ပြီး အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

“ကူညီမှုတွေမရောက်တော့ဘူးဆိုတော့ စားဖို့သောက်ဖို့လည်း ပြတ်လပ်သွားပြီ။ ရှားစားဖို့လည်း နေရာမရှိ၊ ဘယ်မှာသွားရှာစားရမယ်မှန်းမသိတော့ တော်တော်စိတ်ဒုက္ခရောက်နေတယ်။ ပိုက်ဆံလည်းမရှိ မိသားစုများတဲ့အိမ်တွေဆို တော်တော်ဒုက္ခရောက်နေတယ်။

” လို့ နောင်းချိန်း ၊ လဘန်ရွာမှာ စစ်ရှောင်နေတဲ့ အောင်မြေ ၂ ဒေသခံ အမျိုးသမီးတစ်ဦးကကချင်သတင်းဌာန KNG ကို ပြောပါတယ်။

နောင်းချိန်း၊လဘန်တဝိုက်ခိုလှုံနေတဲ့ ဝိုင်းမော်စစ်ရှောင်ပြည်သူတွေဟာ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ နီးစပ်ရာကျေးရွာပြည်သူတွေရဲ့အကူညီအနည်းအကျဉ်းနဲ့ အသက်ဆက်နေရတယ်လို့ သူကဆက်ပြောပါတယ်။

လတ်တလောစစ်ရှောင်တွေထဲမှာ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေများစွာပါဝင်ပြီး မိုးကာနဲ့ဆောက်ထားတဲ့ စစ်ရှောင်စခန်းကျဉ်းလေးထဲမှာသာ နေနေရတာကြောင့် နာမကျန်းဖြစ်သူတွေများလာနေပြီး ဆေးဝါးကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်

“ဖျားနာတာတွေက တစ်မျိုးပြီးတစ်မျိုးပဲ၊ ဒီတစ်မျိုးပျောက်ကြပြီဆို နောက်တစ်မျိုးကလာပြန်ပြီ။ တစ်သုတ်ပြီးတစ်သုတ် ဖျားနာတာတွေက ဆက်တိုက်ပဲ လည်ပတ်နေတယ်။ ဆေးဝါးက မရှိဘူး။ လိုက်ရှာဝယ်ဖို့လည်း ပိုက်ဆံလည်းမရှိဘူး။ ရှိတဲ့ဆေးတွေလည်း စျေးကြီးတယ်လေ။ ဆေးဝါးတွေလည်း ခက်ခဲလွန်းတယ်။” လို့ နောင်ချိန်းစစ်ရှောင်စခန်းက အမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။

နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာတစ်ဝိုက်မှာ စစ်ရှောင်စခန်း ၆ ခုရှိပြီး စစ်ဘေးရှောင်စခန်းတစ်ခုစီမှာ ကျေးရွာတစ်ခုချင်းစီအလိုက် စုဖွဲ့နေထိုင်ပြီး အခက်အခဲဆုံးအဖွဲ့ကတော့ ဧရာ၀တီမြစ်ကမ်းဘေး လဘန်ရွာမှာ စစ်ရှောင်နေတဲ့ အောင်မြေ ၂ နဲ့ ရွှေညောင်ပင်ကျေးရွာဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

လဘန်ရွာက အောင်မြေ ၂ ကျေးရွာအုပ်စုတွေခိုလှုံနေတဲ့ စစ်ရှောင်စခန်းမှာအိမ်ခြေ ၁၃၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးစတင်လာချိန်ကစလို့ ဝိုင်းမော်မြို့- ချီဖွေ- ဆဒုံးသွားလမ်းမပေါ်ရှိ လမြန်၊ မုတ်ကြိတ်၊ ဝူယန်၊ နန့်ဝါ၊ ဝါးရှောင် စတဲ့ကျေးရွာနေ ပြည်သူတွေစစ်ဘေးရှောင်ခဲ့ကြပေမယ့် မြို့နဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တာကြောင့် နေအိမ်ခဏတဖြုတ် အသွားအပြန်လုပ်လို့ရနေတယ်လို့ စစ်ရှောင်တွေပြောပါတယ်။

ဒါပေမယ့် ဝိုင်းမော်- လိုင်ဇာ- ဗန်းမော်သွားလမ်းမပေါ်ရှိ ရွှေညောင်ပင်နဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ စတဲ့ကျေးရွာတွေဘက်က ဒေသခံတွေကတော့ စစ်ရှောင်ခဲ့စဉ်ကတည်းက လက်ရှိချိန်ထိ ခဏတဖြုတ်ပင် ပြန်လို့မရခဲ့ဘူးလို့ သိရပါတယ်။

“ဒုက္ခအရောက်ဆုံးက ကျမတို့ အောင်မြေ ၂ ၊ ၉ မိုင်ဘက်က ရွာသားတွေဖြစ်တယ်။ လုံး၀ ပြန်လို့လည်းမရ၊ သွားကြည့်လို့လည်းမရ၊ ကျမတို့က အခုမှ ပထမဆုံးအကြိမ် စစ်ရှောင်ဖူးတာပါဆိုမှ ရေဘေးလည်းထပ်ကြုံရတော့ ခက်တာကဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ ခက်လွန်းလို့မြစ်ဆိပ်နားမှာ ရွှေသွားကျင်ရင်လည်း ခွင့်မပြုတာတွေရှိတော့ မရှာစားတတ်တော့ပါဘူး။” လို့ လဘန်ရွာက စစ်ဘေးရှောင်အမျိုးသမီးကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်း ဝိုင်းမော်မြို့- ခတ်ချို- မုတ်လွှဲ လမ်းဆုံမှာ စစ်ကောင်စီကလမ်းပိတ်ထားပြီး ခါးရှီ နဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ ဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က လမ်းပိတ်ထားတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာလာကာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်လာတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ကျေးရွာအားလုံးနီးပါး

ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့အချိန်ကစပြီး လက်ရှိချိန်ထိ ၇ လခန့်အချိန်ကြာမြင့်လာပြီဖြစ်ပေမဲ့ ဝိုင်းမော်မြို့စစ်ရေးအခြေအနေဟာ ငြိမ်သက်သွားခြင်းမရှိဘဲ နေရာကွက်ကြားတိုက်ပွဲပြင်းထန်နေသေးတာကြောင့် စစ်ရှောင်တွေဟာ ရေရှည်စစ်ဘေးရှောင်ရမယ့် အခြေနေရောက်နေတဲ့အတွက် အဖက်ဖက်ကနေ စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။

“အခုက ဝိုင်းမော်ကို တိုက်မလိုလို ဘာလိုလိုနဲ့ အခုချိန်ထိ အချိန်က အရမ်းကြာလာပြီ။ အခုက ပန်ဝါ၊ချီဖွေဘက်ကိုပဲ စစ်မျက်နှမူသွားပြန်ပြီဆိုတော့ ဒီအောက်တိုဘာလလောက်မှာက တိုက်ပွဲက ပိုပြင်းထန်လာမလိုလိုဘာလိုလို ကြားရတော့၊ ကျမတို့က အစားအသောက်ကခက်၊ ငွေကြေးမရှိ၊ စိတ်သောက ရောက်နေတယ်။ ဒီစစ်ရှောင်မှာလည်း ပိုစိုးရိမ်ရမလိုလိုပဲ၊ ထိုင်ရမလို၊ ထရမလိုနဲ့ ညဆိုအိပ်လို့တောင်မရဘူး။ စားလို့လည်းမဝင်ပါဘူး။”လို့ အောင်မြေ ၁ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ဘေးရှောင်တွေအဓိကလိုအပ်နေတာဟာ နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ဆေးဝါးများ၊ကလေးသူငယ်၊သက်ကြီးရွယ်အိုများတွက် ဆေးနဲ့အားဆေးများ၊ စားနပ်ရိက္ခာများအရေးပေါ်လိိုအပ်နေတယ်လို့လည်း သိရပါတယ်။

ဝိုင်းမော်မြို့နယ်မှာ လက်ရှိ စန်းကားကျေးရွာနဲ့ နောင်းဟီးအနီးတဝိုက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်ကနေ လက်နက်ကြီးနဲ့ပုံမှန်ပစ်ခတ်နေသလို ရွှေညောင်ပင်နဲ့ အောင်မြေ ၂ ၊ နောင်စီပေါ စတဲ့ကျေးရွာတွေဘက်ကို စစ်တပ်က ဒရုန်း၊ လေယာဉ်တွေနဲ့bလာရောက်ဗုံးကြဲတာတွေလည်း ရံဖန်ရံခါပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိပြီး  ရွာပေါင်း ၂၀၀ ကျော်ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။

Most read this week

September 25, 2024
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို...
September 24, 2024
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်...
September 23, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က နယ်မြေမှူးတွေကို...
September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...