ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ

ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ

ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

၂၀၂၄ ခုနှစ် မေလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းယူဖို့ ပူတာအိုခရိုင်အခြေစိုက် ခလရ ၁၃၇ တပ်နဲ့ ၄၆ တပ်ကစစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ပူတာအိုPDF နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

" ၁၃၇ နဲ့နီးစပ်တဲ့လူတွေပြောတာတော့ ဆွမ်ပရာဘွမ့်ကိုသူတို့ပြန်သိမ်းမယ်တဲ့ ဘယ်လမှာဆိုတာတော့အသိအကျမသိရဘူး နှစ်မကုန်ခင်ပြန်သိမ်းဖို့ရှိတယ်လို့တော့သတင်းထွက်နေတယ်။ ပြီးတော့သူတို့ဘက်ကစစ်ရေးပြင်ဆင်တာတွေကြည့်ရင်တော့မကြာလောက်ဘူးအခုတောင်ည ညဆိုစစ်ကားတွေသွားသွား လာလာရှိတယ် ''လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းကနေ စစ်အင်အားတွေကို လေကြောင်းနဲ့ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်မြို့ကြားထဲက လုံရှာယာန်၊ ဖက်မာစတဲ့ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ပို့ဆောင်ထားတယ်လို့သိရပါတယ်။

''စစ်သားတွေတော့အခုထပ်မပို့လာတော့ဘူး ပြီးခဲ့တဲ့ ၇ လပိုင်းကတော့ အောက်ပိုင်းကနေ စစ်ရယာဥ်နဲ့အများကြီးလာချတယ်။ ပြီးတော့ ခရီးသည်တင်တဲ့လေယာဥ်နဲ့လည်း ပူတာအိုထဲလာချတယ်အရပ်သားပုံစံနဲ့ အခုကတပ်ဖြန့်ထားပြီလေး နေရာတိုင်းမှာ''လို့ပူတာအို မြို့ လေယာဉ် ကွင်းရပ်ကွက်နေအမျိုးသား တစ်ဦးကပြောပါတယ်။

ဒါ့အပြင် အရင်ကတပ်စွန့်ခွာခဲ့တဲ့ထဝါဒမ်းထောက်ပို့တပ်ထဲမှာလည်းအင်အားအများအပြားနဲ့တပ်ပြန်ထိုင်နေတယ်လို့သိရပါတယ်။

ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးတဲ့နောက် ပူတာအိုအခြေစိုက် တန်ဂူးတန်ပြည်သူ့စစ်တပ်နဲ့ စစ်ကောင်စီတပ်ပူးပေါင်းပြီး ဆွမ်ပရာဘွမ်ကိုပြန်သိမ်းဖို့မကြာခနစစ်ကြောင်းထိုးခဲ့ပေမယ့် KIA၊KPDF ပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

''သူတို့ကတော့ခနခနသွားနေတာပဲ စစ်ကားတွေနဲ့ လွန်ခဲ့တဲ့ ၇လပိုင်းအထိပေါ့ သူတို့အထိနာပြီးပြန်ပြန်ဆုတ်လာတာပဲ အခုအဲ့ဘက်ကိုစစ်ကြောင်းမထိုးပဲငြိမ်နေတာ ဒီတစ်ခေါက်ကအင်အားအလုံးအရင်းနဲ့ပြန်ထိုးဖို့ဆိုပြီးပြင်ဆင်နေတာတဲ့''လို့ပူတာအိုမြို့ခံတစ်ဦးကပြောပါတယ်။

 ဆွမ်ပရာဘွမ်မြို့ပြန်သိမ်းမယ့်သတင်းဟာ လက်ရှိပူတာအို ဒေသခံတွေကြားမှာလည်းကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရတယ်လို့ ပူတာအိုမြို့လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

''ဆွမ်ပရာဘွမ်ပြန်သိမ်းမယ်လို့တော့သတင်းထွက်နေတာပဲ တစ်လလောက်ရှိပြီဘယ်နေ့လဲတော့မသိဘူး တိုက်ပွဲဖြစ်ရင်လမ်းကပိတ်ကုန်စျေးကကြီးအုံးမှာတွေးပြီးစိုးရိမ်နေရတယ်တချို့တော့ကြိုတင်ပြီးဆီတွေ၊ဆန်တွေလှောင်ထားကြတယ်ပိုက်ဆံရှိတဲ့သူတွေပေါ့''လို့ အသက် ၃၂ နှစ်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့ဟာ ပူတာအိုဒေသအတွက်တစ်ခုတည်းသောကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတာကြောင့် တိုက်ပွဲဖြစ်ရင်ကားလမ်းပိတ်သွားမှာဖြစ်တာကြောင့် ပူတာအိုဒေသခံတွေအထူးစိုးရိမ်နေရပြီး တစ်ချို့က စားနပ်ရိက္ခာတွေ၊စက်သုံးဆီတွေကြိုတင်စုဆောင်းတာမျိုးရှိနေတယ်လို့သိရပါတယ်။

KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဆွမ်းပရာဘွမ်မြို့ကို သိမ်းပိုက်ဖို့ ဒီနှစ် မတ်လပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ရာမေလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာစစ်ရေးပြင်းထန်ပြီး မြို့တွေ၊ရွာတွေနဲ့ ရှေ့တန်းစခန်းအများအပြားဆုံးရှုံးနေတဲ့စစ်ကောင်စီဟာ ကချင်တစ်ပြည်နယ်လူံးကို ဇွန်လ ၂၁ ရက်နေ့ကစ ဖုန်း အင်အာနက်လိုင်းတွေအားလုံးဖြတ်တောက်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုပြန်သိမ်းမယ့် ရန်နိုင်မင်းစစ်ဆင်ရေးအမည်နဲ့တစ်နိုင်ငံလုံးအဆင့် စစ်ရေးစတင်လှုပ်ရှားနေတယ်လို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက KNG ကိုပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့အကြား  မြစ်ကြီးနားကနေ မြောက်ဘက် မိုင် ၈ဝ ခန့်အကွာမှာရှိတဲ့မြို့ဖြစ်ပါတယ်။

Most read this week

September 25, 2024
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး...
September 24, 2024
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်...
September 23, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က နယ်မြေမှူးတွေကို...
September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...