သျှမ်းမြောက်သို့ အင်အားထပ်ဖြည့်လာသည့် စစ်ကောင်စီတပ်ထဲ သျှမ်းတောင်မှ ပြည်သူ့စစ်များလည်း ပါဝင်လာ

သျှမ်းမြောက်သို့ အင်အားထပ်ဖြည့်လာသည့် စစ်ကောင်စီတပ်ထဲ သျှမ်းတောင်မှ ပြည်သူ့စစ်များလည်း ပါဝင်လာ

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းလျက်ရှိရာ ပြည်သူ့စစ်များလည်း အချိုးကျ ပါဝင်လာကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ တတိယပတ်မှ စတင်ပြီး တန့်ယန်းမြို့နှင့် မိုင်းရယ်မြို့ဘက်သို့ ဦးတည်၍ သျှမ်းပြည်တောင်ပိုင်းရှိ မြို့များမှ စစ်ကောင်စီတပ်များအပြင် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှ တပ်အင်အားအများအပြားဖြင့် ထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။

“ စစ်တပ် အင်အားဖြည့်တာကတော့ နေ့တိုင်းရှိနေတယ်၊ စစ်ကား အစီး ၂၀ ကျော်နဲ့ လူကော ပစ္စည်းကော။ သွားသွားလာလာဆိုတော့ သမားရိုးကျပုံစံပါပဲ။ လားရှိုးကို ထိုးစစ်ဆင်မယ် ဆိုတာ ပြောတာပဲ ထူးခြားမှုတော့ မရှိဘူး။ ထိုးစစ်က ဒီဘက်က အရင်စမလား၊ နောင်ချိုဘက်က အရင်စမလား မပြောတတ်သေးဘူး”ဟု မိုင်းရယ်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က စက်တင်ဘာလ တတိယပတ်မှ စတင်ပြီး လေကြောင်းထိုးစစ်အပြင် ကုန်းကြောင်းဖြင့်လည်း စစ်အင်အား ထပ်မံဖြည့်တင်းလာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ သျှမ်းပြည်မြောက်ပိုင်းသို့ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများထဲတွင် သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များမှလည်း တပ်သားအချိုးကျ ဆင့်ခေါ်ခံရပြီး အရပ်ဝတ်များဖြင့် ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ တစ်ခါပို့ရင် ၃၀ လောက်တော့ ရှိမယ်။ ၃ ခါဆိုရင် တစ်ရာလောက်တော့ ရှိမယ်၊ အရပ်ဝတ်နဲ့ပဲ သွားကြမှာ။ ၂ ဖွဲ့ခွဲပြီး စစ်အင်အား သွားဖြည့်တယ်။ အင်အား ၁၀၀ နီးနီးလောက် နောင်ချိုနဲ့ မိုင်းကိုင်ဘက်ကို ခွဲသွားတယ်လို့ ပြောတယ်။ စစ်တပ်က ညွှန်ကြားချက်ရရင်တော့ မသွားလို့ မရဘူးလေ၊ မသွားရင် ပုန်ကန်သလို ဖြစ်သွားမှာပေါ့”ဟု သျှမ်းပြည်တောင်ပိုင်းမှ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော စစ်မြေပြင်များသို့ စစ်ကောင်စီတပ်နှင့်အတူ သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များမှ (၃) ကြိမ်ထက်မနည်း တပ်သားအချိုးကျ စေလွှတ်ခဲ့ကြောင်း သိရပြီး နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကူတိုက်ပေးသည့် ပြည်သူ့စစ်များထဲမှ ရှေ့တန်းတွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဆိုသည်။

သျှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ SSS (မဟာဂျာ) ပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်၊ မက်ကျန်းပြည်သူ့စစ်၊ ပအိုဝ်းပြည်သူ့စစ် PNO တို့အပြင် လားဟူပြည်သူ့စစ်များ ဖွဲ့စည်းထားသည်။

“နမ့်စန်ဘက်က ပြည်သူ့စစ်တွေ သျှမ်းမြောက်ကို ပို့နေတာ အနည်းဆုံး ၃ ခါ ရှိပြီ။ သျှမ်းအဖွဲ့၊ ပအိုဝ်းအဖွဲ့၊ လားဟူအဖွဲ့ ဒီဟာတွေပဲ ရှိမယ်။ တောင်းလာရင်တော့ သူတို့ အမြဲတမ်း သွားရတယ်။ စိန်ကျော့(ပြည်သူ့စစ်)ကတော့ SSPP ထဲကို ရောက်ပြီလေ။ စစ်ကောင်စီက အဲ့နေရာတွေကို အစားထိုးချင်နေတာ”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်တွင် သီပေါမြို့နယ်အခြေစိုက် စိန်ကျော့ပြည်သူ့စစ်နှင့် မိုင်းခေးပြည်သူ့စစ်အဖွဲ့များမှ တပ်သား (၁၀၀၀) နီးပါးသည် လက်နက်အပြည့်အစုံဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် သျှမ်းပြည်တောင်ပိုင်းရှိ လူငယ်အချို့သည် စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့များထံ ဝင်ရောက်မှု ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ စက်တင်ဘာလဆန်း သျှမ်းပြည်တောင်ပိုင်း ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များထံ လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီးနောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် လားရှိုးနှင့် နောင်ချိုမြို့များသို့ လေကြောင်းဖြင့် ခပ်စိပ်စိပ် ဗုံးကြဲတိုက်ခိုက်လာသည်။

Most read this week

September 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့်...
September 25, 2024
သျှမ်-ကရင်နီ နယ်စပ် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တို့တွင် ရေဘေးသင့်နေသည့်ကျေးရွာများအတွင်း...
September 24, 2024
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့်...
September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...