တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်၊ ဆေးဝါးများပါပြတ်လပ်နေ

တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်၊ ဆေးဝါးများပါပြတ်လပ်နေ

ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး ဆေးဝါးများပါ ပြတ်လပ်နေသည့်အတွက် အကိုက်ခဲပျောက်ဆေးပင် ဝယ်ယူရန်အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

“စားသုံးကုန်ကရှိတော့ရှိတယ် ကုန်ဈေးနှုန်းအရမ်းတက်တယ်၊ ဆေးဝါးကျတော့ မရှိသလောက် ဖြစ်တယ်၊ ဆေးတွေက အကုန်လုံးပေါ့ ပုံမှန်သောက်နေကြ သွေးကျဆေး၊ ဓာတ်ဆားတို့ဆိုရင် ဝယ်လို့မရဘူးပြတ်တာကြာပြီ အဓိက ပြတ်တာ က ဆေးဝါး၊အကိုက်အခဲပျောက်ဆေး၊အစာကြေဆေး တွေဆိုရင် သိပ်မရှိတော့ဘူး ကျန်းမာရေးမကောင်းရင် အခက် အခဲဖြစ်တယ်၊ CNF က ဆေးခန်းဖွင့်တယ် ဒါပေမယ့် ဆရာဝန်က လူနာတွေကြည့်ပေးတာပဲရှိတယ်၊ ကိရိယာတွေ၊ ဆေးဝါးမရှိဘူး” ဟု စစ်ဘေးရှောင်ရာမှ တွန်းဇံမြို့သို့ ပြန်လည်နေထိုင်သည့်အမျိုးသမီးတစ်ဦးက ပြောသည်။

ကလေးမြို့အထွက် တက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ (၈) မိုင်စစ်ဆေးရေးဂိတ်မှ ချင်းပြည်နယ် မြောက်ပိုင်း ခိုင်ကမ်း-တီးတိန်-ရိခေါဒါရ်မြို့သို့  ပြေးဆွဲနေသော မော်တော်ယာဉ်များအား ဆန်နှင့် ဆေးဝါးများသယ်ဆောင်ခွင့် ပိတ်ထားခြင်းကြောင့် ယခုကဲ့သို့ ဆေးဝါးပြတ်မှုနှင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု သိရသည်။

တွန်းဇံမြို့ကပြည်သူများသည် ကလေးမီးဖွားခြင်း၊ ခွဲစိတ်ကုသမှု နှင့် အရေး ပေါ်ကျန်းမာရေးအခြေအနေများရှိပါက တီးတိန်မြို့နှင့် ကလေးမြို့တို့တွင် သွားရောက် ဆေးကုသမှုခံယူကြရသည်ဟု သိရသည်။

ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကုန်တင်ကားများ ဝင်ရောက်နိုင်သော်လည်း ဆန်များသယ်ယူခွင့် ပိတ်ထားခြင်းကြောင့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကာ ကြက်ဥ တလုံး တစ်ထောင်ကျပ်၊ ဆပ်ပြာအမွေးခဲ တခဲ (၂၅၀၀) ကျပ်၊ ယခင်တွင် နေကြာဆီ ၁ပုံး ၁ သိန်းခွဲရှိရာ လက်ရှိတွင် (၂၁၀၀၀၀)ကျပ်၊ ဆန် ဧရာမင်းကော်ချက် တအိတ် (၂) သိန်းကျပ်အထိ ကုန်ဈေးနှုန်းမြင့်တက်နေကြောင်း တွန်းဇံမြို့ခံများထံမှ သိရသည်။

တွန်းဇံမြို့ပေါ်တွင် အိမ်ခြေ တစ်ထောင်ကျော်နှင့် ပြည်သူ ရှစ်ထောင်နီးပါးရှိပြီး လက်ရှိ တွင် မြို့ခံလူဦးရေ (၃) ပုံ နှစ်ပုံခန့် တို့သည် တွန်ဇံမြို့သို့ ပြန်လည်နေထိုင်ကြပြီဟုသိရသည်။

“အခုကြတော့ ကလေးကျောင်းမတက်တဲ့သူ၊ ရုံးဝန်ထမ်းမဟုတ်တဲ့သူတွေပြန်လာကြတယ်။ လူဦးရေက ပိုပိုပြီး တော့များလာပြီ၊ ဒါပေမယ့် ဒီမှာလည်း ဝင်ငွေဘာမှမရှိဘူး၊ အလုပ်အကိုင်ကလည်း လုပ်စရာလည်းဘာမှမရှိတော့ တအားခက်တယ်၊ ကလေးမှာပြန်ဆင်းဖို့ကလည်း အိမ်ဌားခဈေးကြီးတယ်၊ ကိုယ်စားဖို့အရွက်တွေဝယ်စားဖို့တောင် ခက်တာ၊ ကျမတို့တခုခုပြန်ဖြစ်ရင်တော့ ဘယ်လိုနေရ မလဲ မသိတော့ဘူး။” ဟု တွန်းဇံမြို့က အမျိုးသမီးတစ်ဦးက ပြောသည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန လက်အောက် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၅ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ကျီခါးမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၃ ရက်တွင် တွန်းဇံမြို့ကို အလုံးစုံ သိမ်းပိုက်ခဲ့သည်။

လက်ရှိ တွန်းဇံမြို့ပေါ်တွင် CNF/CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်တို့က ကျန်းမာရေးဆေး ပေးခန်း ဖွင့်လှစ်ပေး ထားသည့်အပြင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် CNA နှင့် CDF-တွန်းဇံ တို့က တွန်းဇံမြို့တွင်  အခြေချ ထိန်းချုပ်ထားသည်ဟု သိရသည်။

Most read this week

September 27, 2024
ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆော -...
September 24, 2024
မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ...
September 23, 2024
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် လပိုင်းအရွယ် အပါအဝင်...
September 23, 2024
Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့်  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်...