မင်းတပ်မှာ အိမ်မွေးကြက်၊ ဘဲများ ရောဂါလက္ခဏာမပြဘဲ ကူးစက်ရောဂါကြောင့် ရုတ်တရက်သေဆုံးမှု အဖြစ်များနေ

မင်းတပ်မှာ အိမ်မွေးကြက်၊ ဘဲများ ရောဂါလက္ခဏာမပြဘဲ ကူးစက်ရောဂါကြောင့် ရုတ်တရက်သေဆုံးမှု အဖြစ်များနေ

မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ ကူးစက်ရောဂါ ဖြစ်ပွားပြီး ရုတ်တရက်သေဆုံးမှုများ အဖြစ်များနေကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ စုံစမ်းသိရှိရသည်။

“အခုက နီးစပ်ရာ တိုက်နယ် အမှတ် ၁ နဲ့ ၂ က ကျေးရွာတချို့မှာ ဖြစ်နေတာ ရှိတယ်။ ၄ ရွာ၊ ၅ ရွာလောက်မှာ ဖြစ်နေပြီ။ ဒီထက်လည်း ပိုများနိုင်တယ်။ ဒီဟာက သတင်းရတဲ့ နေရာတွေလောက်ပဲ သွားနေတာ။ အနည်းဆုံး ၁၀ ရွာလောက်မှာ‌ ဖြစ်ရင် ဖြစ်နေမှာ။ ဆက်သွယ်လို့ မရတဲ့ ရွာတွေ အများကြီးမှာလည်း ဖြစ်ရင် ဖြစ်မှာ။ ကျနော်တို့ လက်လှမ်း မမှီသေးတာပေါ့” ဟု မင်းတပ်မြို့ပအဖမှ မွေးမြူးရေးနှင့် ကုသရေးဌာန တာဝန်ရှိသူ ဒေါက်တာဟုန်းမနားက ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် ၁ နှင့်၂ မှ ကျေးရွာတချို့တွင် ဩဂုတ်လဆန်းပိုင်းကလည်းက ကြက်၊ ဘဲသေဆုံးများ ဖြစ်ပွားနေခဲ့ပြီး ထင်းရှားသည့် မျက်မြင်ရောဂါ လက္ခဏာများ ပြသခြင်း မရှိခြင်းကြောင့် သတိမပြုခဲ့ကြကြောင်း သိရသည်။

လက်ရှိ ၁ လကျော်ခန့်မှာ ကျေးရွာများတွင် ကြက်ဘဲများသည် အစာစားရင်း၊ ဆော့ကစားရင်း၊ အိပ်တန်းတက်ရင်း ရုတ်တရုက် သေဆုံးမှု တိုးလာခြင်း၊ ဒေသခံများ ပိုမိုဆက်သွယ်သတင်းပို့လာခြင်းကြောင့် ခွဲစိတ်ကြည့်ရာမှ ကူးစက်ရောဂါဖြစ်ပွားနေမှုကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ကြက်ဘဲခြံတစ်ခြံ သို့မဟုတ် အုပ်စုတစ်အုပ်တွင် ကြက်နှင့် ဘဲတစ်ကောင် ကူးစက်ခြင်း ခံရပါက မည်သည့်ရောဂါလက္ခဏာမှ ပြသခြင်း မရှိဘဲ သေဆုံးမှုကြောင့် အားလုံးနီးပါး သေဆုံးမှုများဖြစ်ပွားကြောင်း၊ တခါတရံ ကြက်ဘဲ အနည်းငယ်မျှသာ ကျန်ရစ်တတ်ကြောင်း ဒေါက်တာဟုန်းမနားက ရှင်းပြသည်။

လက်ရှိကာလတွင်း ကြက်/ဘဲများအတွက် ကာကွယ်ဆေးဝါးများနှင့် ကုသဆေးများ အလွယ်တကူရရှိရန် ခက်ခဲနေကြောင်း သိရသည်။

“ဒီဟာက ထိန်းချုပ်ဖို့က နည်းလမ်းက ရိုးရှင်းသလောက် ပျံ့နှံ့ဖို့လည်း လွယ်တယ်။ ကြွက်တို့၊ ယင်ကောင်တို့ ၊ တောရိုင်း ငှက်တွေ ကလည်း တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။ ကျနော်တို့ ညွန်ကြားချက်အတိုင်း ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်မယ်။ ရေဆိုး ရေညစ်တွေ မအောင်းအောင် လုပ်မယ်။ ကြက်ခြံသန့်ရှင်းရေး လုပ်မယ်။ လူတွေကိုယ်တိုင်လည်း တကိုယ်ရေ သန့်ရှင်းရေး စနစ်ကျ လုပ်မယ်ဆိုရင် ဒီဟာက ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ပါတယ်” ဟု ဒေါက်တာ ဟုန်းမနားက ပြောသည်။

သေဆုံးကြက်ဘဲများကို စစ်ဆးရာတွင် အသည်းတွင် အဖြူစက်များ ဖြစ်နေခြင်း၊ ကြေမွလွယ်ခြင်၊ အူလမ်းကြောင်း တလျှောက် လေပြည့်ဖောင်းနေခြင်း၊ ရောင်နေခြင်း စသည့်လက္ခဏာများ တွေ့ရှိရကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်း စားသုံးရန် သတ်ဖြတ်သော ကြက်ဘဲများတွင် ယင်းရောဂါလက္ခဏာများ တွေ့ပါက စနစ်တကျ ကျက်အောင် ချက်စားကြရန်၊ ဆေးဝါးများ ရရှိဖို့ ခက်ခဲသောကာလဖြစ်၍ ချက်မစားခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ အသားကိုင်တွယ်ချက်ပြုသူများ လက်ကိုစနစ်ကျဆေးကြောရန် လိုအပ်ကြောင်း သတိပေးနှိုးဆော်ထားသည်။

ရောဂါကူးစက်ထားသော ကြက်ဘဲသားများကို စားသုံးသူများသည် အူရောင်ခြင်း၊ ဖျားနားခြင်း၊ ဝမ်းလျှောခြင်း စသည့် တိရစ္ဆာန်မှ လူသို့ ကူးဆက်သည့်ရောဂါ ဖြစ်ပွားတတ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်းက သက်ဆိုင်ရာတိုက်နယ်များကိုလည်း ယခုရက်ပိုင်းအတွင်း သွားရောက်၍ ကြက်ဘဲ ကူးစက်ရောဂါ ဖြစ်ပွားမှု အခြေအနေများကို ကွင်းဆင်း စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

မင်းတပ်မြို့နယ်ဒေသခံပြည်သူများသည် ကြက်ဘဲများကို မိသားစုဝမ်းစာဖြေရှင်းရန် ၊ အာဟာရပိုင်းအတွက် စားသောက်နိုင်ရန် တပိုင်တနိုင်မွေးမြူးခြင်းအပါအဝင် ကြက်ဘဲမွေးမြူသည့် တောင်သူများ နစ်နာဆုံးရှုံးမှု များပြားကြောင်း သိရသည်။

Most read this week

September 27, 2024
ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆော -...
September 25, 2024
ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး...
September 23, 2024
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် လပိုင်းအရွယ် အပါအဝင်...
September 23, 2024
Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့်  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်...