စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်လာမှုအပေါ် KNU ပြောရေးဆိုခွင့်ရှိသူနှင့် တွေ့ဆုံမေးမြန်းခြင်း။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်လာမှုအပေါ် KNU ပြောရေးဆိုခွင့်ရှိသူနှင့် တွေ့ဆုံမေးမြန်းခြင်း။

“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း နားလည်မှု အပြည့်အဝရှိဖို့ လိုအပ်တယ်၊ မယုံသင်္ကာဖြစ်စေတဲ့ အမြင်မျိုး မရှိသင့်ဘူး။ အရေးကြီးဆုံးကတော့ သွေးခွဲတိုက်ခိုက်ဖို့ စစ်လော်ဘီတွေက အဆင်သင့်ရှိနေတယ် ဆိုတာကို သတိပြုစေချင်ပါတယ်” KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်စဉ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (ERO) များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့၊ ရွာ၊ နယ်မြေများတွင် သတင်းရရှိမှုကို အခြေခံပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် KNU အပါအဝင် ERO နယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ယင်းသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာမှုအပေါ် KNU ၏အမြင်၊ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးလာရောက်မှုနှင့် ဆက်စပ်မှုရှိမရှိ၊ KNU နှင့် ခွဲထွက်ကော်သူးလေ တပ်မတော် (KTLA), နယ်ခြားစောင့်တပ် (BGF) တို့နှင့် စပ်လျဥ်းသည့် အခြေအနေများအား သိရှိနိုင်ရန် KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီဘက်က ဒီရက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ပြန်လုပ်လာတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ မှန်ပါတယ်။ စစ်ရေးအရ သူ့ရဲ့ခံစစ်စခန်းတွေကို ကျနော်တို့ရဲ့တော်လှန်ရေးအင်အားစုတွေ ဥပမာ အားဖြင့် ကျနော်တို့နယ်မြေထဲမှာဆိုရင် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်တဲ့ PDF တွေရဲ့ ပူးပေါင်း တိုက်ခိုက်မှုက သူတို့တပ်စခန်းကျဆုံးဖို့အတွက် ပိုပြီးတော့ အခြေအနေ ဖန်တီးလာတဲ့အပေါ်မှာ သူတို့ရဲ့ လေကြောင်းပစ်ကူကို အဓိကအားဖြင့် အားထားတာပေါ့။

ကြည်းကြောင်းစစ်ကူကိုလည်း သူတို့မှာ အခြေအနေမပေးတော့တဲ့ အခါကျတော့ ကြည်းကြောင်းစစ်ကူလာသည့် တိုင်အောင် စစ်ကူတွေကို ကျနော်တို့ဘက်က ကောင်းကောင်းမွန်မွန် ဖြတ်တောက်နိုင်တဲ့အပေါ်မှာလည်းပဲ သူတို့ရဲ့လေကြောင်းပစ်ကူကို အဓိက ဦးစားပေးရတယ်။ သူတို့ရဲ့ စခန်းတော်တော်များများ ဘယ်စခန်းကို တိုက်သင့်လဲ၊ တိုက်သင့်တဲ့စခန်းကိုပေါ့နော် ကျနော်တို့ အချိန်မရွေး၊ ကျနော်တို့ရဲ့အစီအစဥ် လုပ်ဆောင်လေ့ရှိတဲ့ အပေါ်မှာ သူတို့ခံနေရတာဖြစ်လို့ လေကြောင်းပစ်ကူကို ပိုပြီးအားကိုးလာတာလို့ ကျနော်တို့သုံးသပ်တယ်။

မေး။ ။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းမယ်လို့ ထုတ်‌ဖော်ပြောဆို ပြီးနောက်ပိုင်း အခုလိုလေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာဆိုတော့ ရှေ့လျှောက်မှာရော စစ်ကောင်စီ အနေနဲ့ ဘယ်လိုပုံစံမျိုး ရှေ့ဆက်တိုးလာနိုင်မလဲ သုံးသပ်ပေးပါလား။

ဖြေ။ ။ သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှု ပိုပြီးများလာတယ်ဆိုတာက ဟိုးအရင်ကတည်းကပါ။ ဟိုးအရင်ကတည်းကဆိုတာက သူတို့ရဲ့ခံစစ်အခြေအနေ ပိုပြီးဆိုးရွားလာတယ်။ ဒါနဲ့ အဓိကသက်ဆိုင်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။

မေး။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့ဆုံပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ နိုင်ငံခြားငွေကြေးအခက်အခဲလည်း အထိုက်အလျောက်လျော့နည်းသွားသလို လေကြောင်း တိုက်ခိုက်မှုတွေကို တိုးပြီးလုပ်လာတာ တွေ့ရတယ် ။ ဒီနှစ်ခုက ပတ်သက်မှုရှိနိုင်လား။

ဖြေ။ ။ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးလာပြီးနောက်ပိုင်းမှ အဲ့လို ဖြစ်လာတယ်လို့တော့ ကျနော်တို့ မယူဆပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင် ငံခြားရေးရဲ့မူဝါဒသည် မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို လိုချင်တယ်။ ဒါကိုလည်း သူက ထုတ်ဖော်ပြောဆိုထားပြီးတဲ့အပေါ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးလာတာက ညှိနှိုင်းဆွေးနွေးဖို့ လာတာဖြစ်တယ်။ ဒါကြောင့် လေကြောင်းတိုက်ခိုက်မှု အဲဒါနဲ့တော့ မသက်ဆိုင်ဘူးလို့ မြင်တယ်။ တဖက်ကလည်းပဲ ငွေကြေးတည်ငြိမ်မှုပေါ့၊ ငွေကြေးက ပြန်လည်ပြီး နည်းနည်းတော့ မြင့်တက် လာတယ်။ ဒါကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးလာတာနဲ့ မသက်ဆိုင်ဘူးလို့ ပြောလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ ငွေကြေးအတက်အကျသည် စီးပွားရေး၊ ကုန်သွယ်မှုအပေါ်မှာပဲ မူတည်တယ်လေ။ နိုင်ငံရေးတည်ငြိမ်မှ စီးပွားကုန်သွယ်မှု တည်ငြိမ်မယ်။ စီးပွားကုန်သွယ်မှု လုပ်လို့ရမယ်ဆိုတော့ အခု ဒီနိုင်ငံထဲမှာ နိုင်ငံရေးအရ လုံးဝမတည်ငြိမ်တဲ့အပြင် ကျရှုံးနိုင်ငံအဖြစ်နဲ့ပဲ ရှုမြင်တယ်။

ဒီအပေါ်မှာ ငွေကြေးပြန်မြင့်တက် လာတာက တခြားနိုင်ငံမှာ သွားရောက်အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေက ပြည်တွင်းပြန်ပို့မယ်ဆိုတဲ့ ငွေပြန်လွှဲမယ်ဆိုတဲ့ အခြေအနေပေါ်မှာပဲ မူတည်တယ်။ နိုင်ငံသားတွေ ငွေကြေးလိုအပ်ချက်ကြောင့် တဒင်္ဂခဏ ပေါ့နော်၊ ငွေကြေး ပြန်လည်မြင့်တက်လာတယ်လို့ ကျနော်တို့ ဒီလိုပဲမြင်ပါတယ်။

မေး။ ။ နောက်တခုက KNU ကနေ ခွဲထွက်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သိချင်တာပါ၊ ကော်သူးလေတပ်မတော် – KTLA နဲ့ KNU ကြားမှာရှိနေတဲ့ ထိတွေ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးလိုပါလဲ။

ဖြေ။ ။ တိုက်ပွဲတွေဖြစ်တာတော့ အနည်းငယ်ရှိတာပေါ့။ အထူးသဖြင့် တပ်မဟာ (၄) ဒေသပေါ့။ အဲ့လိုဒေသမှာ ဖြစ်တဲ့ တိုက်ပွဲငယ်လေးတွေ ဥပမာအားဖြင့် မိနစ်ပိုင်းလောက်ဖြစ်တဲ့ တိုက်ပွဲတွေလို့ သိရှိရတယ်။ အဲ့အပေါ်မှာ ဖြစ်တာက အဖွဲ့အစည်းက ဖြစ်တာတော့မယူဆဘူး။ လူပုဂ္ဂိုလ်ပေါ့၊ ဥပမာ KTLA ဘက်က ရှိနေတဲ့လူတွေက လည်း တပ်မဟာ (၄) မှာ နေတဲ့သူတွေဖြစ်တယ်။ ဟိုဘက်ကလည်း ဒေသခံတွေဖြစ်တယ်။ အဲဒီအပေါ်မှာ လူပုဂ္ဂိုလ်အရ ဖြစ်တာလို့ပဲ ကျနော်တို့မြင်တယ်။

မေး။ ။ ကော်သူးလေတပ်မတော် – KTLA နဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာရော ညှိနှိုင်းဆွေးနွေးတာမျိုးရှိပါလား။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ ဒီကိစ္စကို တိတိကျကျမသိဘူး။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးဖို့တော့ ရှိတယ်၊ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ကြားတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့သဘောထားကတော့ KTLA တောင်မှ မကဘူး၊ ဟိုးအရင်ကတည်းက ကွဲထွက်သွားတဲ့ DKBA, DKBA ကနေ BGF ဖြစ်သွားတာတို့၊ KNU/KNLA-PC တို့ အဲ့ဒီလို အဖွဲ့မျိုးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အမြဲတမ်းရှိတယ်လေ။ တွေ့ဆုံဆွေးနွေးတဲ့အပေါ်မှာ ရလဒ်က အားရစရာ မဖြစ်ပေမယ့် သင့်တော်တဲ့တချို့သော သဘောထားတွေ ရှိခဲ့ပါတယ်။

KTLA နဲ့ ပတ်သက်ရင်လည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာက မိခင်အဖွဲ့အစည်းထဲက ခွဲထွက်သွားတဲ့ အဖွဲ့တွေကို အမြဲတမ်းတွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိပါတယ်။ အဆင်သင့် ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ မူဝါဒချမှတ်ထားတာ ရှိပါတယ်။ ကျနော်တို့ ဘက်က သွားဆွေးနွေးတဲ့ရလဒ်အပေါ် တရားဝင်ထုတ်ပြန်တာမျိုး တော့ မရှိဖူးပေါ့နော်။ တဖက်က KTLA က ထုတ်ပြန်တဲ့စာတော့ ကျနော်တို့တွေ့ရတယ်။ အဲဒီအထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ဖို့ဆိုတာကို တွေ့ရပါတယ်။

မေး။ ။ KNU ဘက်က မြို့သိမ်းတိုက်ပွဲတွေ မဖော်ဆောင်တဲ့အပေါ် လူမှုကွန်ရက်မီဒီယာအပေါ်မှာ ဝေဖန်မှုတွေရှိနေပါတယ်။ ဘာများ တုန့်ပြန်ပြောလိုပါလဲ။

ဖြေ။ ။ ကျနော်တို့က မြို့သိမ်းဆိုတဲ့စကားလုံးကို မသုံးဘူးဆိုတာ သတင်းမီဒီယာတွေအနေနဲ့လည်း သတိထား မိမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ကျနော်တို့နယ်မြေထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ချေမှုန်းဖို့ ဆိုတာပဲဖြစ်တယ်။ အဲဒီမြို့သိမ်းတာနဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ခိုက်ချေမှုန်းတာနဲ့ ဒီစကားလုံးနှစ်ခုကြားထဲ ဘာများကွာသလဲဆိုတာ ပြည်သူတွေပဲ အဓိက စဥ်းစားဖို့ပေါ့နော်။ ဒါက ကျနော်တို့ မြို့သိမ်းကို အဓိကထားပြီး မသုံးချင်ဘူး။ KNU ရဲ့ တော်လှန်ရေး ဖြတ်သန်းမှုက သင်ခန်းစာတွေ အများကြီးရှိတော့ ကျနော်တို့နယ်မြေထဲက ရန်သူစစ်ကောင်စီတပ်စခန်းတွေကိုပဲ တိုက်ခိုက်ချေမှုန်းသွားဖို့ ဖြစ်တယ်။

မေး။ ။ BGF (နယ်ခြားစောင့်တပ်) က စစ်ကောင်စီနဲ့ပေါင်းပြီး KNU နယ်မြေတွေမှာ စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့ သိရတယ်။ ဒီအပေါ် KNU ဘက်က သဘောထားအမြင် ဘယ်လိုရှိပါလဲ။ ဘာတွေ သဘောတူ ညှိနှိုင်းထားလဲ။

ဖြေ။ ။ BGF တချို့က စစ်ကောင်စီနဲပေါင်းပြီးတော့ စစ်ကောင်စီရဲ့စစ်ရေးဆိုင်ရာ တချို့ကိစ္စကို ထောက်ပို့လို သဘောမျိုးနဲ့ သူတို့ဝိုင်းကူနေတာမျိုး ရှိတယ်ဆိုတာ ကျနော်တို့ သိရှိရပါတယ်။ ပြီးတော့ ခုနကပြောသလိုပဲ BGF နဲ့တောင် မဟုတ်ဘူးပေါ့နော်။ DKBA, KNU/KNLA-PC တို့နဲ့လည်း ကျနော်တို့ တွေ့ဆုံညှိနှိုင်းခဲ့တာ ရှိပါတယ်။ အဲဒီထဲမှာ လောလောဆယ် သဘောတူညီချက်တစ်ချက်ပဲ ခိုင်ခိုင်မာမာရရှိထားတာ ရှိပါတယ်။ အဲဒါကတော့ ကရင့်လက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှု မလုပ်ရဘူးဆိုတဲ့ကတိတော့ ရှိပါတယ်။

မေး။ ။ KNU ထိန်းချုပ်နယ်မြေတွေထဲကို စစ်ကောင်စီဘက်က ဒီရက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတဲ့အပေါ် ဘာများမှတ်ချက်ပေးလိုပါလဲ။

ဖြေ။ ။ ကျနော် ခုနကပြောခဲ့သလိုပါပဲ၊ သူတို့ရဲ့ခံစစ်က အခြေအနေတော်တော်လေးဆိုးရွားတဲ့ အခြေအနေ ဆိုက်ရောက်နေပြီဆိုတာ ငြင်းစရာမရှိဘူး။ သတင်းတွေကို ပြန်ပြီးလေ့လာမယ်ဆိုရင်လည်း ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး နောက်တော့ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာတဲ့ အစုအဖွဲ့တွေကိုလည်း ကျနော် စကားအမြဲပြောဖြစ်တာပေါ့နော်။ စစ်ရေးအခြေအနေက ဘယ်လိုရှိနေလဲဆိုတာ။

ဆိုတော့ ဒီအပေါ်မှာ သူတို့ရဲ့စစ်ရေးအခြေအနေကို သိရှိနေတဲ့အပေါ်မှာ စစ်ကောင်စီရဲ့ခံစစ်အခြေအနေ ပိုပြီး ဆိုးရွားလာတာ သိရတယ်။ သိရှိတဲ့အပေါ်မှာပဲ မဆုတ်တမ်းခံစစ်၊ အသက်သေခံရမယ်ဆိုတဲ့ သူတို့ရဲ့အမိန့် ညွှန်ကြားချက်၊ ဒီခံစစ်စခန်းအားလုံးက အခြေအနေမကောင်းတဲ့အပေါ်မှာ သူတို့ရဲ့ လေကြောင်းပစ်ကူပဲ ရှိတော့တယ်ဆိုတာပါ သိလာရတယ်။ ဒီလိုအခြေအနေတွေကြောင့် လေကြောင်းတိုက်ခိုက်မှုကလည်း ပိုပြီး များပြားလာတာပါ။

မေး။ ။ ဖြည့်စွက်ပြောဆိုလိုတာရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ အထွေအထူးတော့ မရှိပါဘူး။ ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း နားလည်မှု အပြည့်အဝရှိဖို့ လိုအပ်တယ်၊ မယုံသင်္ကာဖြစ်စေတဲ့ အမြင်မျိုးမရှိသင့်ဘူး။ အရေးကြီးဆုံးကတော့ သွေးခွဲတိုက်ခိုက်ဖို့ စစ်လော်ဘီတွေက အဆင်သင့်ရှိနေတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

 

Most read this week

September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...
September 18, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာအတွင်းရှိ နေအိမ်အများစုကို...