ကလေးမြို့မှာ စစ်သားအယောင်ဆောင်ပြီး ဓါးပြတိုက်သူ ၅ ဦး ကိုစစ်ကောင်စီ ဖမ်းဆီး

ကလေးမြို့မှာ စစ်သားအယောင်ဆောင်ပြီး ဓါးပြတိုက်သူ ၅ ဦး ကိုစစ်ကောင်စီ ဖမ်းဆီး

စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ စစ်ကောင်စီတပ်ယူနီဖောင်းဝတ်ဆင်ထားသူတချို့အပါအဝင်သေနတ်ကိုင်ပြီး ခြိမ်းခြောက်ဓါးပြတိုက်နေသူ လူငယ် ၅ ဦး ကို ကလေးမြို့တွင်း ကင်းတပ်ဖွဲ့နဲ့ ခိုင်ကမ်းရဲစခန်းတို့ ပူးပေါင်းပြီး ဖမ်းဆီး ရမိကြောင်း ကလေးမြို့ဒေသခံတချို့ဆီကသိရှိရပါတယ်။

“သူတို့က နေပြည်တော် ရပ်ကွက် လို့ ဒေသခံတွေ ခေါ်တဲ့ တောင်ဖီလာရပ်ကွက် အတွင်းပိုင်း ဘက်ရှိ နေအိမ် သုံးခုကို သေနတ်တွေနဲ့ ခြိမ်းခြောက် ဓားပြတိုက်တာ။ ရပ်ကွက်တွင်း နေထိုင် တစ်ဦးက ခိုင်ကမ်းရဲစခန်းဘက်ကို ဖုန်းဆက် အကြောင်းကြား လိုက်တယ်။ ခဏချင်းမှာ သူတို့ရော၊ စစ်သားတွေရော ရောက်လာတယ်။ သူတို့‌နောက်ကို ဆက်လိုက် ပြီးတော့ ဖမ်းမိသွားတယ်လို့ သိရတယ်” လို့ ကလေးမြို့ ဒေသခံတစ်ဦးက Chin World Media ကိုပြောပြပါတယ်။

လက်ရှိမှာ ယင်းဓါးပြအဖွဲ့ကို ကလေးမြို့ ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)အတွင်း ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ် လို့သတင်းအရင်းအမြစ်တစ်ခုဆီကနေ အတည်ပြု သိရှိခဲ့ရပါတယ်။

“ သူတို့ အဖွဲ့တွေက နေပြည်တော် (တောင်ဖီလာရပ်ကွက် အတွင်းပိုင်း) ရပ်ကွက်မှာ တနေ့ကို သုံးအိမ် လေးအိမ် လောက်ကို ပုံမှန် ဝင်ရောက်ပြီး စစ်ဆေး သလိုလို နဲ့ ပိုက်ဆံ နှင့် အတွင်း ပစ္စည်းတွေကို သိမ်းယူ သွားကြတယ်။ အဲလိုမျိုး ဖြစ်တာ ၁ လ ကျော်သွားပြီ။ ၁ လ ကျော် ကာလ အတွင်း သူတို့ အဖွဲ့ ဝင်ရောက် လုယှက် သွားလို့ အနည်းဆုံး အိမ်ခြေ ၅၀ ကျော် နစ်နာ ခဲ့ရတယ်” လို့ တောင်ဖီလာရပ်ကွက်နေ ပြည်သူ တစ်ဦး ထံမှ ဆက်လက် သိရှိရပါတယ်။

ဖမ်းဆီးခံရတဲ့ ယင်းဓါးပြအဖွဲ့မှာ စစ်ကောင်စီတပ်၏ စစ်ဝတ်စုံ ဝတ်ဆင်ထားသူများ ပါဝင်သလို၊ အရပ်ဝတ်များလည်းပါဝင်ကြောင်း၊ လက်နက် ကိုယ်စီ ကိုင်ဆောင်ထားပြီး ဆိုင်ကယ် ငါးစီး သို့မဟုတ် ခြောက်စီး ခန့် ဖြင့် ရပ်ကွက် အတွင်းသို့ နေ့ခင်းကြောင်တောင်မှာ ဝင်ရောက်လုယှက် ကြကြောင်း၊ ဦးထုပ်ဆောင်းကြပြီး နှာခေါင်းစည်း ကိုယ်စီတပ်ဆင်ထားကြသောကြောင့် မည်သူမည်ဝါ မသိရ ကြောင်းယင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပြပါတယ်။

“ ပြီးခဲ့တဲ့ နှစ်ပတ် လောက်က အမျိုး တစ်ယောက်ရဲ့ အိမ်ကို ဝင်ပြီး လုသွားခဲ့တယ်။ နေ့ခင်း ဘက်မှာ တင် လု ကြတာ။ အိမ်ထောင် ဦးစီး ဇနီးမောင်နှံ က ရန်ကုန် ဘက်ကို ဆေးစစ်ဖို့ သွားတဲ့ အချိန် ဖြစ်တော့ အိမ်မှာ လူငယ်တွေပဲ ရှိနေတာ။ သော့ကို ချက်ချင်း ရှာမတွေ့တော့ ဗီရိုတွေ၊ သတ္တာတွေကို သော့ခလုတ် ဖျက်ဆီးပြီး ဖောက် ကြတယ်။ သူတို့ အမေရဲ့ ရွှေထည် ရှိသမျှရယ်၊ ပိုက်ဆံ ရှိသမျှ ရယ် ယူသွားကြတယ်။ တိုင်ဖို့ ပြောတော့ မတိုင်တော့ ပါဘူး၊ ကြောက်တယ်၊ ကိုယ်တို့တည်း ခံရတာမှ မဟုတ်တာ၊ ဘေးအိမ်တွေလည်း ခံရတာပါပဲ လို့ ပြောသွားတယ်” လို့ နစ်နာသူရဲ့ ဆွေမျိုးတစ်ဦးပြောကြားချက်အရသိရပါတယ်။

ကလေးမြို့၊ မြို့လှ ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာလည်း စက်တင်ဘာလ ၄ ရက်နေ့ညက သေနတ် အတုများ ကိုင်ဆောင်ထားသူ လူငယ် တစ်စုမှ ဓားပြတိုက် လုယှက်ပြီး အိမ်ရှင်မိသားစုကိုလည်း ရိုက်နှက်တာ ကြောင့် အိမ်ရှင်မိသားစုရဲ့ဖခင် ဖြစ်သူခေါင်းတွင် ဒဏ်ရာ ရရှိခဲ့တယ် လို့ သိရပါတယ်။

ကလေးမြို့ပေါ်မှာ စစ်ကောင်စီရဲ့ဒေသကွပ်ကဲရေး ဒ.က.စ ဌာနချုပ်ရှိပေမယ့် တရားဥပဒေစိုးမိုးမှု လုံးဝမရှိသလောက်ဖြစ်နေသလို  နေ့စဥ်နဲ့အမျှ ခိုးဆိုးလုယက်တာတွေ၊ မူးယစ်းဆေးဝါးရောင်းဝယ် ဖောက်ကားတာတွေဖြစ်ပွားနေကြောင်း ကလေးမြို့ခံတွေဆီကသိရပါတယ်။

Most read this week

September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 29, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူအများစု ပြန်လာနေထိုင်လာကြသလို အနယ်နယ်အရပ်ရပ်က...
August 29, 2024
ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းအများစု လစာမရရှိတာ ၃ လနီးပါးကြာမြင့်လာပြီး...