စစ်ကောင်စီ၏ လက်နက်ကြီးပစ်ချခံရ၍ ဖားပြတစ်ရွာလုံးနီးပါး တိမ်းရှောင်နေ

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ချခံရ၍ ဖားပြတစ်ရွာလုံးနီးပါး တိမ်းရှောင်နေ

ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် စက်တင်ဘာ ၁၆ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တစ်ရွာလုံးနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ ဝဲကလီအမြောက်တပ်စခန်းက ဖားပြကျေးရွာအတွင်းသို့ နေ့ရောညပါ လက်နက်ကြီးများနှင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည့်အတွက် ရွာသူရွာသားများမှာ ကျေးရွာထဲတွင် နေထိုင်မရဲတော့ဘဲ ယခုလို တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက စက်တင်ဘာ ၁၈ရက် ယနေ့တွင် ကေအိုင်စီသို့ ယခုလို ပြောသည်။

“ညက တော်တော်များများ တိမ်းရှောင်ရတယ်။ တိမ်းရှောင်တဲ့နေရာတွေကတော့ အများကြီးပဲ။ တခြားရွာတွေမှာလည်း သွားရှောင်တယ်။ တောင်ခြေက ဂူထဲမှာ လာရှောင်တဲ့လူများတော့ အိပ်လို့တောင် မဆံ့တော့ဘူး။ ကျမတို့ ညက ဂူမှာပဲ သွားအိပ်တယ်။ လူအရမ်းများတော့ နေလို့အဆင်မပြေဘူး။ တချို့ကတော့ နေ့ခင်းပိုင်း အိမ်ပြန်လာသေးတယ်။ တချို့ကတော့ ရှောင်လိုက်တယ်”ဟု သူမက ပြောသည်။

ကျေးရွာထဲသို့ ယခုလို လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း လူနေအိမ်နှင့် သီးပင်များ ပျက်စီးသွားသလို ယခု သတင်းရေးသားချိန် နေ့လယ်ပိုင်းအချိန်ထိ လေယာဉ်များ ဆက်တိုက်ပျံဝဲလာသည့်အတွက် ဒေသခံတို့ ကျေးရွာအတွင်း မနေရဲ၍ ဆက်လက်တိမ်းတိမ်းရှောင်နေရဆဲဖြစ်သည်ဟု သူမက ဆက်ပြောသည်။

စစ်ကောင်စီသည် ဝင်းရေးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်ရှိ အနန်းကွင်းဗျူဟာစခန်း မကျရှုံးစေရေးအတွက် စစ်ကူတပ်အင်အား ပို့ဆောင်လာသည့်အပြင် လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ အပြင်းအထန် နေ့စဉ် ပစ်ခတ်မှုရှိသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း ပစ်မှတ်ထားကာ တိုက်ခိုက်မှုများလာသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်မှစ၍ စစ်ကောင်စီ လာရောက်စခန်းချ တပ်စွဲနေထိုင်သည့် လွှတ်ရှမ်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁၂ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိသည့် အနန်းကွင်းစခန်း မကျရေးအတွက် လက်နက် ရိက္ခာများကို လေယာဉ်ဖြင့် ထပ်မံပို့ဆောင်နေသည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ဝင်းရေးမြို့နယ်ရှိ ဖားပြကျေးရွာမှာ ကေအဲန်ယူ၏ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ပဒိုစောရွှေမောင်း၏ ဇာတိရွာဖြစ်သည်။ သူသည် ငြိမ်းချမ်းရေးကိုလိုလားပြီး ဒေသတွင်း စစ်မဖြစ်ရန် စာထုတ်ပြန် ပြောဆိုခဲ့သူဖြစ်သလို စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် နှစ်ပတ်လည်နေ့ပွဲများသို့ တက်ရောက်ခဲ့ကာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်လေ့ရှိသူဖြစ်ကြောင်း ခရိုင်အတွင်းရှိ ဒေသခံပြည်သူများထံမှ သိရသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...
September 18, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာအတွင်းရှိ နေအိမ်အများစုကို...