IEC က ဆန်၊ စပါး စျေးသတ်မှတ်လိုက်တာကြောင့် စိုက်ပျိုးရေးအတွက် ပံ့ပိုးမှု ပြန်ပေးဖို့လိုအပ်တယ်လို့ တောင်သူတွေပြော

IEC က ဆန်၊ စပါး စျေးသတ်မှတ်လိုက်တာကြောင့် စိုက်ပျိုးရေးအတွက် ပံ့ပိုးမှု ပြန်ပေးဖို့လိုအပ်တယ်လို့ တောင်သူတွေပြော

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) နဲ့ အရပ်ဖက်အဖွဲ့အစည်း CSOs တို့ ပူးပေါင်းပြီး ဒေသထွက် ဆန်၊ စပါးစျေးနှုန်းကို သတ်မှတ်လိုက်ပေမဲ့ တောင်သူတွေရဲ့ စိုက်ပျိုးရာသီအတွက် လိုအပ်တဲ့ စိုက်ပျိုးရေး အပံ့အပိုးတွေကို ပြန်ပေးဖို့လိုတယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။

“အဲ့လိုစျေးနှုန်းသတ်မှတ်ပေးတော့ ကျနော်တို့ ကုန်ထားတာများတော့ ကျနော်တို့ တောင်သူလုပ်တဲ့သူက တော်တော် နစ်နာတာပေါ့နော။ လာမဲ့နှစ်ကို လုပ်လို့ရမယ်ဆိုရင် မြေသြဇာတို့ ပိုးသတ်ဆေးတို့ အားဆေး ဘာညာပေါ့ အဲ့ဒါကို သူစျေးညှိပေးပြီးတော့မှ ပြန်ဖြန့်ပေးနိုင်ရင်ကောင်းတာပေါ့” လို့ စပါးစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

ဆန်၊ စပါးစျေးနှုန်းကို သတ်မှတ်လိုက်တာ တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာတော့ ဆန် တစ်ပိဿာကို ၃၃၀၀ ကျပ်၊ စပါး တစ်ပိဿာကို ကျပ် ၁၆၀၀ နဲ့ ၁၇၀၀ ဝန်းကျင် သတ်မှတ်ပြီး ရောင်းဝယ်နေကြပါတယ်။

စျေးနှုန်းသတ်မှတ်လိုက်ပြီးနောက် တောင်သူတွေအတွက် ပံ့ပိုးမှုတစ်စုံတစ်ရာ ပြန်လည်ဖော်ဆောင်ပေးတာမျိုးမရှိသေးပေမယ့် ရေရှည်မှာ ဆောင်ရွက်သွားမယ်လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။

“နောက်ပိုင်းမှာ လိုအပ်တဲ့ နည်းပညာတွေနဲ့ ပြောပြောနေတဲ့ စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ ပံ့ပိုးမှုတွေကို အထူးသဖြင့် စိုက်ပျိုးတောင်သူတွေကို ပေါင်းလုပ်နိုင်ဖို့၊ ပံ့ပိုးနိုင်ဖို့ တစ်ဆင့်ချင်း ပြန်ပြီးတော့မှ လုပ်ဆောင်သွားဖို့ရှိတယ်” လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။

ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံဖို့အတွက် စပါးစျေးနှုန်းသတ်မှတ်ရာမှာလည်း ပေါက်စျေးနဲ့ ကွာဟမှုမရှိအောင် နှစ်လတစ်ခါ ပြောင်းလဲ သတ်မှတ်ပေးနေတယ်လို့ IEC က ပြောဆိုထားပါတယ်။

ဒါပေမဲ့ ပြည်တွင်း ဝယ်လိုအားလည်း နည်းပါးလာနေပြီး တောင်သူတွေလည်း အရှုံးပေါ်လာကြတာကြောင့် ညှိနှိုင်းမှုနဲ့ ဆောင်ရွက်ရတယ်လို့ ခူးပလုရယ်က ဆက်ပြောပါတယ်။

“အခုပြန်ပြီးတော့မှ ညှိနှိုင်းနေကြတယ်။ အဓိကတော့ ပေါက်စျေးနဲ့ အနီးစပ်ဆုံး သတ်မှတ်ပြီးတော့မှ ပြန်လည်ဝယ်ယူကြဖို့ပေါ့နော”လို့ ခူးပလူးရယ်က ပြောပါတယ်။

IEC လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ ဒေသထွက် ဆန် ၊ စပါးကို ဝယ်ယူပေးနေတာဖြစ်ပါတယ်။ စားနပ်ရိက္ခာဖူလုံဖို့အတွက် လက်ရှိမှာ ကရင်နီပြည်တွင်းထွက် ဆန်၊ စပါးစျေးနှုန်း ရောင်းဝယ်မှု တစ်ခုကိုသာ သတ်မှတ်ထားနိုင်သေးပေမဲ့ နောက်ထပ် ပြည်နယ်တွင်းထွက်ကုန် ဖြစ်တဲ့ နှမ်း၊ ပြောင်းဖူး အစရှိတဲ့ ဒေသထွက် သီးနှံတွေကိုပါ ဝယ်ယူသွားမယ်လို့ IEC ထံကနေ သိရပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...