လွိုင်ကော်မြို့မှာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်နေပြီ

လွိုင်ကော်မြို့မှာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်နေပြီ

ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်သန်းခေါင်စာရင်းကော်မတီကနေ ၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ် –  စာရင်းကောက် သင်တန်းကို  စက်တင်ဘာလ ၃ ရက်နေ့ မှာ ပြုလုပ်ခဲ့တယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့မှာလည်း သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ လုပ်ငန်းစဉ်တွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက လုပ်ဆောင်နေတာပါ။

“သေချာတာတစ်ခုကတော့ စစ်ကောင်စီက သူ့အလုပ်သူဆက်လုပ်နေမှာပဲ။ အဲ့တော့ သူတို့ကမဖြစ်မနေ သန်းခေါင်စာရင်းအပြတော့ကောက်သွားမှာပဲ။ ဘယ်လိုပုံစံနဲ့လုပ်မလဲဆိုတာ မသိနိုင် မပြောတတ်ဘူး။” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး -၂ ဦးဗညားက ပြောဆိုပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရ သန်းခေါင်စာရင်း ကောက်ယူခြင်း မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

သန်းခေါင်စာရင်းကောက်ယူတာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

သန်းခေါင်စာရင်းကနေ ရရှိလာတဲ့ အချက်အလက်တွေဟာ အုပ်ချုပ်မှု ၊ စီမံခန့်ခွဲမှု နယ်ပယ်တွေမှာ ထိရောက်တဲ့ စီမံကိန်းရေးဆွဲနိုင်ဖို့နဲ့ အထောက်အထားအခြေပြု ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ မရှိမဖြစ်လိုအပ်ကြောင်းလည်း ဆိုထားပါတယ်။

လွိုင်ကော်မြို့ခံတစ်ဦးက “ သတင်းတွေတော့ တွေ့နေတယ် အရင်လလောက်ထဲက။ လွိုင်ကော်မှာ လုပ်မယ်တော့မထင်မိဘူးလေ တိုက်ပွဲက အမြဲတမ်းလည်းဖြစ်နေတယ် မြို့ပေါ်မှာလောက်သာ လူရှိတာ။ အမှန်တိုင်းပြောရရင်တော့ စိုးရိမ်တယ်။ သန်းခေါင်စာရင်းဆိုတာ ကောက်ထားတာလည်း မကြာသေးဘူး ပြီးခဲ့တဲ့နှစ်ပေါ့။ ကိုယ့်အချက်အလက်တွေ လာယူသလိုခံစားရလို့။ လွိုင်ကော်မှာတော့ ဒီလို သူတို့(စစ်ကောင်စီ) လူတွေကနေ လိုက်ကြေညာတာတော့မရှိသေးဘူး ခုထိ။”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်မှာလည်း ကရင်နီပြည်က လွိုင်ကော်၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တာရား လည်ပတ်နေတဲ့ မြို့ပေါ်နေရာတချို့တွေမှာ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအတွက် တစ်အိမ်တက်တစ်အိမ်ဆင်းပြီး လူဦးရေစာရင်းကောက်ယူခဲ့ပါသေးတယ်။ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုတွေအနေနဲ့ မပါဝင်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

“နောက်တစ်ခုကတော့ မြို့ပေါ်အနည်းငယ်သာ သူတို့လွမ်းခြုံနိုင်မှာဖြစ်တဲ့တွက် ဘာမှအကျိုးရလဒ်ရှိမှာမဟုတ်ဘူး။ လူထုကတော့ ထွေထွေထူးထူးဘာမှ လုပ်နိုင်မှာမဟုတ်လောက်ဘူး။ စစ်ကောင်စီရဲ့ဖိအားရယ် ခြိမ်းခြောက်မှုအောက်မှာဆိုတော့ ပြောရခက်တယ်” လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားကပြောပါတယ်။

၁ လေးလုံး စစ်ဆင်ရေးကာလအတွင်း ကရင်နီပြည်မှာတော့ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ နေရာဟာ လွိုင်ကော်မြို့တွင်းသာဖြစ်ပြီး မြို့ပြင်မှာတော့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကတော့ ဖွဲ့စည်းတည်ထောင်ပြီး တစ်နှစ်အတွင်း ကရင်နီပြည်က မြို့နယ် ၈ ခု မှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီလို့ ပြောဆိုထားပါတယ်။

ကရင်နီပြည်က မြို့နယ်များအနက် ရှားတော၊ မယ်စဲ့ မြို့နယ်ဟာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သလို ကျန်မြို့နယ်တွေမှာတော့ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေသာ ကျန်ရှိပြီး နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...