တော်လှန်ရေး အဖွဲ့များထံ အခွန်ဆောင်သည့် ကုန်ကားများကို ဖမ်းမည်ဟု ခြိမ်းခြောက်

တော်လှန်ရေး အဖွဲ့များထံ အခွန်ဆောင်သည့် ကုန်ကားများကို ဖမ်းမည်ဟု ခြိမ်းခြောက်

ဖားအံ-ကော့ကရိတ်- မြဝတီကုန်သွယ်ရာတွင် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသည့် ဒေါနတောင်ကျော် လမ်း ဟောင်းရှိ တော်လှန်ရေးအဖွဲ့များကို အခွန်ဆောင်မှု ပြုလုပ်ထားပါက ဖမ်းမည်ဟု စစ်ကောင်စီ စစ်ဆေးရေး ဂိတ်က ခြိမ်းခြောက် ပြောဆိုမှုများရှိသည်ဟု ကုန်ကားမောင်းသူများက ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် ကုန်တင်ကားများကို စစ်ကောင်စီနှင့် BGF အဖွဲ့ဝင်အချို့၊ အဖွဲ့စုံပါ စစ်ဆေးရေးအဖွဲ့များက ဂျိုင်းတံတားထိပ်တွင် တင်းကြပ်စွာစစ်ဆေးလျက်ရှိသည်။ ထိုသို့ စစ်ဆေးရာတွင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ် တစ်ခုဖြစ်သည့် ကော့ကရိတ်၊ ကိုးတိုင် ဂိတ်ဖြတ်သန်းလာသည့် လက်မှတ်ပြခိုင်းသလို တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ဂိတ်များမှ ဖြတ်သန်းလာပါက ဖမ်းမည်ဟု ပြောဆိုခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ကုန်တင်ကားမောင်း သူတစ်ဦးက ယခုလို ပြောသည်။

"ဂျိုင်းတံတား BGF နဲ့ စစ်တပ် အဖွဲ့စုံဂိတ်က စစ်တာကြမ်းတယ်၊ ကိုးတိုင်က စစ်တပ်အဖွဲ့စုံ ဂိတ်ကို ဖြတ်လာတဲ့ (စလစ်)ပြေစာ လက်မှတ်မပြနိုင်တဲ့ကားဆို ဖမ်းမယ်ပြောတယ်။ တောင်ပေါ် လမ်းဟောင်းကနေ KNU/PDF တွေ ဂိတ်ချထားတဲ့ရွာဖြတ်လမ်းကနေ ကျုံဒိုးကို မောင်းလာလို့ မရဘူး။ ကော့ကရိတ်အာရှလမ်းကနေ မောင်းလာတဲ့ ကားမှ ဂျိုင်းတံတားကို ပေးသွားတယ်။ ရွာလမ်းက လာတဲ့ကုန်ကားဆိုရင် KNU နဲ့ PDF ကို ဂိတ်ကြေးပေးတာဟာ ထောက်ပို့လုပ်ပြီး ကုန်ဆင်းလာတာလို့ သူတို့သတ်မှတ်ပြီး ကားရော၊ ကုန်ရော၊ လူရော ဖမ်းမယ်ပေါ့၊ ခြိမ်းခြောက် တယ်"ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖားအံ-မြဝတီကုန်သွယ်ရာ၌ ကုန်တင်ကားများအနေဖြင့် အမျိုးမျိုးသော ဂိတ်များကို အခွန်အခများစွာ ပေးဆောင်သွားလာနေရသလို ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ တစ်စုံတစ်ရာ ရိုက်ခတ်မှုရှိသည်ဟု ကုန်သွယ်ရေး အသိုင်းအဝိုင်းက ပြောဆိုသည်။လက်ရှိ ကျုံဒိုး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ နဘူး၊ ထီလုံ၊ ဖားအံ၊ မော်လမြိုင်သို့ သွားလာရေးနှင့် ကုန်စည် သယ်ဆောင်သည့် လမ်းပိုင်းများကို စစ်ကောင်စီက စိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

ထို့ကြောင့် ဒေသအခြေစိုက် BGF တပ်ဖွဲ့ဝင်အချို့၊ ငြိမ်းချမ်းရေးကောင်စီ (PC)၊ DKBA ဗိုလ်ဘိတပ်ဖွဲ့တို့နှင့် ပူး ပေါင်းပြီး စစ်ကြောင်းထိုး၊ တပ်စွဲရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ဟု မြေမြင် သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

တချိန်တည်းတွင် ယခုရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဒေသအစုံ၌ ထိတွေ့တိုက်ပွဲငယ်များဆက်တိုက်ဖြစ်ပွားနေသည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များထံမှ သိရသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...