ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့် ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ

ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့် ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ

ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့ကစ  သတင်းစတင်ထွက်ပေါ်လာပြီးနောက် မြို့တွင်း စျေးဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြတဲ့အပြင် ပြည်သူတစ်ချို့လည်းထပ်မံတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။

“အပေါ်ကနေ လေယာဉ်ဆက်တိုက်ပျံဝဲသွားနေတာတွေတော့ရှိတယ်။ အခုမူဆယ်ဘက်မှာ စစ်ရေးတင်းမာနေတာနဲ့ ဒီဘက်ကို လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ သတင်းတွေထွက်နေတော့ အားလုံးစိုးရိမ်နေကြတယ်။ ဟိုတနေ့ကတော့ လေယာဉ်နဲ့ဗုံးလာကြဲလိမ့်မယ် စျေးတွေသိမ်းကြဆိုပြီး သိမ်းကြတာတွေ ရှောင်တာတွေဖြစ်သွားတယ်။ ဒီတလောကြောက်လို့ တချို့ခေတ္တတိမ်းရှောင်သွားတာလည်းရှိတယ်။ စျေးဆိုင်တွေလည်း ရောင်းတဲ့သူကတော့ရောင်းပေမဲ့ မစီဘူး တိတ်တိတ်ဆိတ်ဆိတ်ပဲဟုကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါပေမယ့်  ဩဂုတ် ၂၉  မှာတော့ စျေးဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာတာတွေရှိပေမဲ့ လေကြောင်းရန်ကိုစိုးရိမ်နေကြတဲ့အတွက် စုလူဝေးဖြစ်မယ့်နေရာမျိုး မသွားရဲကြတဲ့အတွက် လမ်းသွားလမ်းလာမရှိသလောက် တိတ်ဆိတ်နေတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ကွတ်ခိုင်အထက် မူဆယ်မြို့ စစ်ကောင်စီတပ်ဖွဲ့တွေကို ညီနောင်မဟာမိတ်တွေဘက်က လက်နက်ချဖို့ ပြောဆိုထားတာတွေရှိပေမဲ့ စစ်တပ်ဘက်က တုံ့ပြန်ခြင်းမရှိတာကြောင့် မူဆယ်ကိုတိုက်ခိုက်တော့မယ်လို့ ကောလဟာသသတင်းတွေလည်း ပျံ့နှံ့နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ၅ ရက်နေ့က စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး မီးလောင်းပြာကျသွားခဲ့တဲ့အပြင် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေ့ကစပြီး  ကွတ်ခိုင်မြို့မှာ စာသင်ကျောင်းအားလုံးလည်း ပိတ်လိုက်ရပြီး ဘုရားကျောင်းလူစုလူဝေး ဝတ်ပြုကိုးကွယ်တာတွေ အားလုံးရပ်နားထားကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ ကွတ်ခိုင်မှာကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူတွေလည်း လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေတဲ့အပြင် တိမ်းရှောင်သွားကြတဲ့ပြည်သူတွေလည်း နေရပ်ပြန်မလာရဲကြဘူးလို့ ဆိုပါတယ်။

“တိမ်းရှောင်သွားတဲ့အားလုံး မပြန်လာရဲကြသေးဘူး။ တချို့ဆို အဝေးကိုသွားနေလိုက်တာတွေလည်းရှိတယ်။ စိုးရိမ်ရသေးတာပေါ့။ လေယာဉ်ဗုံးကြဲမှာကြောက်ပေမဲ့ ဒီတိုင်းစိုးရိမ်စိတ်နဲ့ ဖြတ်ကျော်နေတယ်။ လွယ်ဝေါ၊ ဇွပ်ရာ၊ ဧဒင် စတဲ့နေရာတကြောက ကလေးတွေတော့ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး ကောင်းခါးဘက်မှာ ကျောင်းဆက်တက်နေကြတယ်။” ဟုကွတ်ခိုင်ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

ရှမ်းမြောက် နောင်ချိုမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြီး စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲမဖြစ်တဲ့ နေရာဒေသခံတွေဆီ အကြောင်းမဲ့ လိုက်လံဗုံးကြဲတာတွေ ပြုလုပ်တာလည်းဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နေ့ကစပြီး ရှမ်းမြောက်မှာ လားရှိုးအထက် မူဆယ်မြို့ကလွဲပြီး ကျန်မြို့နယ်အားလုံးကို တိုင်းရင်းသား

လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဘက် ကိုယ်စီ သိမ်းပိုက်ထိန်းချူပ်လိုက်ပြီဖြစ်ပြီး လက်ရှိကျန်နေသေးတဲ့ မူဆယ်မြို့တဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...