ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ

ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့မစျေးနဲ့ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေလေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စျေးတန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားတဲ့နောက် ကွတ်ခိုင်မြို့တွင်း ရပ်ကွက်နေ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သိပ်ကိုစိုးရိမ်ပြီး နေနေရတာပေါ့ ဒါကြောင့် အားလုံးလည်း ရှောင်ကုန်ပြီ။ ကွတ်ခိုင်မှာက လတ်တလော တိတ်ဆိတ်နေတယ်။ ရက်ကွက် ၃ ၊ ရက်ကွက် ၄ တွေမှာဆိုရင် အိမ်တိုင်းနီးပါး သော့ခတ်ထားတယ်။ ၃ ပုံမှာ ၂ ပုံ လောက်က ရှောင်ကုန်ပြီ။ လားရှိုးလက်လွတ်လိုက်ရတော့ ဒီဘက်လည်း ဗုံးလာကြဲတာပေါ့။ အဲဒါ လက်မလွတ်မချင်းတော့ ဘာမှလာမလုပ်ဘူး ဟုတ်တယ်။ စိုးရိမ်မှုတွေကတော့ စကားလုံးတောင် ရှာမတွေ့တော့ပါဘူး။ ဒါကြောင့် ဘာမှမပြောတတ်တော့ဘူး။”လို ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ ရှမ်းမြောက်တစ်ခွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်နေတာကြောင့် ကွတ်ခိုင်မြို့ ဒေသခံတွေနဲ့ ချိတ်ဆက်နိုင်ဖို့ခက်ခဲနေသလို  Mytel ဖုန်းလိုင်းအနည်းငယ်ရရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့ထဲ ကျန်နေသေးတဲ့ပြည်သူတွေကလည်း လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီးနေထိုင်နေကြတယ်လို့ ကွတ်ခိုင်ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲတိုက်ခိုက်မှုမှာ  အရပ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရရှိထားတယ်လို့ သိရပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် စာရင်းအတိအကျသိရဖို့ ခက်ခဲနေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။  

“လေယာဉ်နဲ့ ၂ ရက်၊ ၂ ကြိမ်ပေါ့ ဗုံးလာကြဲတယ်။ စျေးတန်းအားလုံးမီးလောင်ကုန်ပြီ။ ဩဂုတ် ၅ ရက်နေ့က လာကြဲတာက ကွတ်ခိုင်စျေးတစ်ခုလုံး ကုန်သွားပြီ။ ပြီးတော့ ရပ်ကွက် ၃ ဘက် စျေးအထက်ဘက်တွေကိုလည်း ဗုံးကြဲသွားတယ်။ အဲဒီနောက် ထပ်လာကြဲတာက အရင် စစ်တပ်ထိုင်ခဲ့တဲ့ ဗျူဟာကုန်းနဲ့ရဲစခန်းမှာ လာကြဲတယ်။ အထဲမှာက TNLA တပ်သားတွေပဲ ရှိတာဆိုတော့ ထိခိုက်သေဆုံးမှုသတင်းက မထွက်တော့ဘူးလေနော်။”လို့  ကွတ်ခိုင်ဒေသခံအမျိုးသမီးက ဖြစ်စဉ်ကိုပြောပြပါတယ်။

ကွတ်ခိုင်မြို့စျေးတန်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးမကြဲခင် ၂ နာရီအလိုလောက်မှာ ကင်းထောက်လေယာဉ်တစ်စီးနဲ့ အရင်ဆုံး ကင်းထောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ဆက်တိုက်ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် တစ်ရက်ခြားပြီး ဩဂုတ်လ ၇ ရက်နေ့ ကွတ်ခိုင်ဗျူဟာကုန်းနဲ့ရဲစခန်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ထပ်ပြီးဗုံးကြဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရပေ။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ် MNDAA တပ်ဖွဲ့ကလည်း နေရာယူလှုပ်ရှားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ လားရှိုးမြို့ကို လက်လွှတ်လိုက်ရပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း  စစ်တပ်က ဗုံးကြဲနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ်‌ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်တာတွေလည်းရှိသလို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကိုလည်း စစ်ကောင်စီတပ်ရဲ့ကျူးလွန်မှုတွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုတာတွေရှိပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...