စစ်အာဏာရှင်ချေမှုန်းရာမှာ မျိုးနွယ်စုကြား သတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌပြော

စစ်အာဏာရှင်ချေမှုန်းရာမှာ မျိုးနွယ်စုကြား သတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌပြော

စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မျိုးနွယ်စုကြား အချင်းချင်းသတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ ဆောင်ရွက်နေတယ်လို့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့  KIO ဗဟိုကော်မတီဟာ ပြည်သူလူထုရဲ့ ပညာပေး၊ အကြံပေးချက်တွေကို လက်ခံတန်ဖိုးထားတဲ့အပြင် စစ်အဏာရှင်ကို ချေမှုန်းတိုက်ခိုင်ရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့   KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

“ KIO ဗဟိုကော်မတီဟာ ပြည်သူတွေရဲ့ပညာပေး၊အကြံပေးမှုတွေကို ဂရုတစ်စိုက်အလေးနက် လက်ခံတန်ဖိုးထားပြီး မိမိလူမျိုးအချင်းချင်း စည်းလုံးမှုပျက်ပျားစေတဲ့ သွေးထွက်သံယို သတ်ဖြတ်မှုမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားတဲ့ နည်းလမ်းနဲ့ တော်လှန်ရေးကိုဖော်ဆောင်နေတာဖြစ်တယ်။ဒါကြောင့် စစ်တပ်ရဲ့ဒေါက်တိုင်အဖြစ် ကူညီပေးနေကြတဲ့ ပြည်သူ့စစ်အဖွဲ့ BGF တွေကိုလည်း နီးစပ်ရာဆွေမျိုးအချင်းချင်း သတိပေးစည်းရုံးသိမ်းကြဖို့  ပြည်သူတွေ တာဝန်ယူဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဒီတစ်ကြိမ်တော်လှန်ရေးဟာ ပြည်သူတွေရဲ့ပါဝင်အားဖြည့်မှုကြောင့် အချိန်တိုအတွင်း အောင်မြင်မှုအများအပြားရနေတဲ့အပြင် တော်လှန်ရေးမှာ ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးညီနောင်တွေကိုလည်း ဂုဏ်ပြုကြောင်းနဲ့ ဆိုထားပါတယ်။

အလားတူ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ကို တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး ဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းဖို့ အဓိကဖြစ်ပြီး ဒီချိန်မှာ တိုင်းရင်းသားအချင်းချင်းအကြား နယ်မြေလု၊ နယ်မြေတိုးချဲ့တာ မဖြစ်အောင် သတိထားဖို့လိုအပ်သလို နိင်ငံရေးနည်းလမ်းနဲ့သာ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက်ရမယ်ဆိုတာကို အားလုံးနားလည်ထားကြဖို့ လိုအပ်တဲ့ကြောင်း မိန့်ခွန်းမှာပါရှိပါတယ်။

“ခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းချေမှုန်းဖို့ အဓိကဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်းကြား နယ်မြေလု၊နယ်မြေတိုးချဲ့တဲ့ကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို အားလုံးနားလည်ထားဖို့လိုပါတယ်။”လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်ရဲ့ပြည်တွင်းစစ်ဟာ မြန်မာအစိုးရ အဆက်ဆက် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို ပေါ်လစီခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသောကြောင့်ဖြစ်တယ်ဆိုတာ ပြည်သူတွေသိရှိနားလည်ကြပြီဖြစ်ပါတယ်။

ဒါကြောင့်  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ ပြေလည်မှုရဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် KIO/ KIA အနေနဲ့ ရည်မှန်းပန်တိုင်သို့ ရောက်ရှိအောင် လက်နက်ကိုင် တော်လှန်နေခြင်းဖြစ်ကြောင်း မှန်ကန်တဲ့  နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပေါ်ပေါက်လာရင် တွေ့ဆုံဆွေးနွေးမယ့် လမ်းကြောင်းနဲ့လည်း ဖော်ဆောင်သွားမယ်လို့  ဒီနေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးက ပြောသွားပါတယ်။

KIO/KIA ဟာ ဆဒုံးမြို့အပါ မြို့ ၉ မြို့အပြင် စစ်တပ်ရဲ့ဗျူဟာမြောက်တပ်စခန်း ကြီးငယ် တစ်ရာကျော် သိမ်းပိုက်ထားပြီး သိမ်းပိုက်ထားတဲ့ နေရာဒေသတွေမှာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ပညာရေး၊အုပ်ချုပ်ရေးယန္တရားစတဲ့လုပ်ငန်းတွေမှာ တတ်သိကျွမ်းကျင်လူငယ်တွေလည်းများစွာလိုအပ်နေပြီး လူငယ်တွေအနေနဲ့ မိမိအသိစိတ်နဲ့လာရောက်ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ စစ်ဆင်ရေးကို ဦးဆောင်သူများ၊ရှေ့တန်းစစ်မြေပြင်မှာ ရဲစွမ်းသတ္တိရှိရှိ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များ၊ တိုက်ပွဲများအတွက် အဖက်ဖက်ကနေ ကူညီထောက်ပံ့နေကြတဲ့ အမှုထမ်းရဲဘော်များနဲ့အတူ ပြည်သူများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားကြတဲ့ အာဇာနည်များကို ဂုဏ်ပြုကြောင်း အာဇာနည်မိသားစုဝင်အားလုံးကိုလည်း ချစ်ခြင်းမေတ္တနဲ့ကူညီပေး၊တန်ဖိုးထားပေးကြဖို့  ကချင်အာဇာနည်နေ့မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောပါတယ်။

သြဂုတ်လ (၁၀ )ရက်နေ့ဟာ ကချင်လူမျိုးတွေရဲ့ တော်လှန်ရေးခရီးတလျှောက် ကျဆုံးခဲ့တဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ ကို အောက်မေ့ဂုဏ်ပြုတဲ့နေ့ ဖြစ်သလို KIO အဖွဲ့ရဲ့ ပထမဆုံး ခေါင်းဆောင်ဖြစ်တဲ့ G.O.C Lahtaw Zau Seng ဂျီအိုစီ လထော်ဇော်ဆိုင်း ကျဆုံးခဲ့တဲ့ ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...