မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ

မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေကြရတယ်လို့ပြောပါတယ်။

မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်တပ်နဲ့ KIA တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီးတော့ တစ်ဖက်မှာ စစ်တပ်ကလည်း လေကြောင်းအဓိကအသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတင်မဟုတ်ဘဲ တိုက်ပွဲမရှိတဲ့ ကျေးရွာတွေမှာလည်း အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ည ၁၂ နာရီဝန်းကျင်လောက်မှာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်၊ မိုင်ဆပ်ပါ၊ မြို့သစ်၊ ကုန်းလော နေရာတွေမှာ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။

တစ်ညထဲမှာပဲ ၄ နေရာလောက်ဗုံးကြဲတိုက်ခိုက်သွားပြီးတော့ မိုင်ဆပ်ပါ ဒေသခံတစ်ဦးနဲ့ မြို့သစ်၊ ကုန်းလော ကျေးရွာ ၂ ခုကက ဒေသခံ ၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နဲ့ အနီးဆုံးနေရာမှာရှိကြတဲ့ ဒေသခံပြည်သူတွေဟာ စစ်တပ်က လေကြောင်းနဲ့သာ အဓိက အသုံးပြုတိုက်ခိုက်နေတဲ့အတွက် လေကြောင်း အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ မုန်လိုင်ခက် ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“စစ်တပ်က အဓိက လေယာဉ်နဲ့ သာ ဦးတည်တိုက်ခိုက်နေတာဖြစ်တဲ့အတွက် လေကြောင်းရန်ကို စိုးရိမ်နေရတာပေါ့။ အရင်ကလို လက်နက်ကြီးပစ်ခတ်တာတို့က စိုးရိမ်စရာမရှိတော့ဘဲ လေကြောင်းသာကြောက်နေရတာပေါ့။ တာဝန်ရှိတဲ့ KIO အနေနဲ့တော့ ဘယ်လိုတိမ်းရှောင်နေထိုင်ကြဖို့ ပြောဆိုတာမျိုးတော့ မရှိသေးဘူး။ ဒါပေမယ့် ညအိပ်ပျော်နေတဲ့အချိန် ဘာဖြစ်လာမလဲဆိုပြီးတွေးကြောက်နေကြတာပေါ့”လို့ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ လိုင်ဇာမြို့ကိုအဓိက လုံခြုံရေးရယူထားတဲ့ နေရာအနီးက စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို သိမ်းပိုက်လိုက်ပြီးနောက် အဲဒီဒေသတွေမှာ တိုက်ပွဲတွေငြိမ်သက်သွားတာ ၆ လဝန်းကျင်လောက်ရှိလာပြီဖြစ်ပါတယ်။

လိုင်ဇာမြို့အနီးမှာရှိတဲ့ စစ်တပ်စခန်း အားလုံးနီးပါး KIA သိမ်းပိုက်လိုက်ပြီး အဲဒီဒေသတွေမှာ ယခင်ကလို လက်နက်ကြီးရမ်းသပ်ပစ်ခတ်တာတွေ ကင်းစင်သွားတယ်လို့ ပြောပါတယ်။

ဒါကြောင့် လက်ရှိ မိုးမောက်တိုက်ပွဲ ဆက်လက်ရှိနေသရွေ့ လေကြောင်းအန္တရာယ်က စိုးရိမ်နေရသေးတယ်လို့ မုန်လိုင်ခက်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“ဗန်းမော်၊ မိုးမောက်တိုက်ပွဲဖြစ်နေသရွေ့တော့ လိုင်ဇာပတ်ဝန်းကျင်မှာရှိကြတဲ့ ပြည်သူတွေက စိုးရိမ်ပြီး ကြောက်နေရတာပေါ့။ ဖြစ်နေတဲ့ ပြဿနာက အခုဒီလတွေမှာက မိုးတွင်းကာလဆိုတော့ ကတုတ်ကျင်းတွေလည်း တူးဖို့သိပ်အဆင်မပြေဘူး။ တစ်ချို့ကတော့ ကြိုတင်ကာကွယ်ဖို့ လုပ်နေကြတာပဲ”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဗျူဟာမြောက်တပ်စခန်းတွေကို လက်လွတ်လိုက်ရပြီးနောက် လေကြောင်းလိုင်းတစ်ခုကိုသာ အဓိက အသုံးပြုပြီး ကျေးရွာနဲ့ ဆေးရုံ၊ ဘုရားကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်နေတာလည်းဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုထားတာလည်းရှိပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတဲ့ မုန်လိုင်ခက်မှာ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလ ၉ ရက်နေ့မှာ စစ်တပ်ရဲ့ လေယာဉ်ဗုံးတစ်လုံးကျကွဲခဲ့တာကြောင့် အရပ်သားပြည်သူ ၅၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ရှောင်စခန်း ၂ ခုနဲ့ ကျေးရွာထဲက နေအိမ်မြောက်များစွာ ပျက်စီးမှုရှိခဲ့တာလည်ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်မှာ နေ့တိုင်းလိုလို ဂျက်လေယာဉ် ၃ စီးနဲ့ ၄ စီးကြားမှာ ပုံမှန် လာရောက်ပုံမှန် လာရောက်ပစ်ခတ်နေတာဖြစ်ပြီး တစ်ချို့တိုက်ပွဲအရမ်းပြင်းထန်တဲ့ နေ့တွေဆို ၁၀ ကြိမ်လောက်အထိ လာရောက်ပစ်ခတ်နေတာလည်းလို့လည်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...