KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်

KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ နှင့် လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုမှာ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIO ပြောပါတယ်။

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ မိုင်ဆပ်ပါ(Mai sak Pa)၊ မုန်လိုင်ခက်(Munglai Hkyet) ၊ မြို့သစ်(Myo Thit) နဲ့ ကုန်းလော(Kunglaw) နေရာတွေဖြစ်ပြီး  ဩဂုတ်လ ၇ ရက်ည ၁၂ နာရီဝန်းကျင်မှာ တစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“မနေ့ည ၁၂ နာရီနဲ့ ၁ နာရီကြားမှာပဲ လေယာဉ်က Y – 12 အမျိုးအစားလို့ထင်ရတယ်။ လိုင်ဇာမြို့အနီး ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်သွားတယ်။ မိုင်ဆပ်ပါမှာက ကချင် KBC ဘုရားကျောင်းဝင်းမှာလည်း ဗုံးကြဲပေးတယ်။ ဘုရားကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှုရှိတယ်။ ပြီးရင် အဲ့ဒီအနီးတဝိုက်က ပြည်သူနေအိမ်တစ်လုံးမှာလည်း ဗုံးကျလို့ အိမ်ပျက်စီးသွားတယ်။ အဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ထိခိုက်မှုရှိခဲ့တယ်”လို့ပြောပါတယ်။

မိုင်ဆပ်ပါကျေးရွာထဲ ပစ်ခတ်ခံရမှုမှာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းထဲ လေယာဉ် ဗုံး ၃ လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင်ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဘုရားကျောင်းအနီးမှာရှိတဲ့ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။

KBC ဘုရားကျောင်းအနီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ထဲမှာ အသက် ၂၀ ခန့်ရှိတဲ့ မလန့်ခေါန်နန်(Malan Hkawn Nan) ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ညာဘက်ခြမ်း ခြေထောက်တစ်ဖက် ဗုံးစထိမှန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မိုင်ဆပ်ပါကျေးရွာ KBC ဘုရားကျောင်းနေရာကို ပစ်မှတ်ထား ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပြီး လေယာဉ်ဗုံး ၁၀ လုံးထက်မနည်း ကျမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မိုင်ဆပ်ပါကျေးရွာကို ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာ လိုင်ဇာမြို့ပေါ်ဘက်ကို လှည့်ပတ်ပျံသွားပြီး မုန်လိုင်ခက်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

တစ်ဆက်တည်း မိုင်ဆပ်ပါနဲ့ မုန်လိုင်ခက် ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားပြီး နာရီဝက်အကြာ ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် မြို့သစ်၊ ကုန်းလောဘက်ကိုလည်း ထပ်ပြီးဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ထပ်မံပြောဆိုပါတယ်။

“လိုင်ဇာမြို့ကိုတော့ ဗုံးကြဲသွားတာမရှိဘူး။ ပျံဝဲပြီး လှည့်ပတ်သွားတယ်။ ၁ နာရီလောက်မှာက မြို့သစ်၊ ကုန်လောဘက်ကို ပြန်ပြီး ဗုံးကြဲသွားတယ်”လို့ပြောပါတယ်



မြို့သစ်၊ ကုန်လော ကျေးရွာ ၂ ရွာက လေကြောင်းပစ်ခတ်မှုမှာ အရပ်သား ပြည်သူ ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင့် ဒီတစ်ကြိမ်ဗုံးကြဲခံရမှုမှာ ဗုံးကျည်ထိမှန်သူ စုစုပေါင်း အရပ်သား ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြို့သစ်၊ကုန်းလောကို KIA ပူးပေါင်းတပ် ပြီးခဲ့တဲ့ မတ်လမှာသိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်  ၂၀၂၄  ခုနှစ် မေလမှာ မြို့သစ်ကျေးရွာကို စစ်တပ်ဘက်က တစ်လအတွင်းနှစ်ကြိမ်တိတိ ဗုံးကြဲခဲ့တာကြောင့် တိုက်နယ်ဆေးရုံလည်း တစ်စစီပျက်စီးသွားပြီဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်ထဲမှာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲဖြစ်ပွားနေတာတွေရှိပေမယ့် စစ်တပ်က တိုက်ပွဲဇုန်မဟုတ်တဲ့နေရာဘက်ကို ရည်ရွယ်ချက်ရှိရှိလာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၆ လ ဝန်းကျင်လောက် မြစ်ကြီးနား – ဗန်းမော်သွားလမ်းတစ်ကြောက စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းအပါအဝင် ရာနဲ့ ချီလက်လွတ်လိုက်ရတဲ့အတွက် အခုလို နယ်မြေတည်ငြိမ်သွားပြီဖြစ်တဲ့ နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်ရှိနေသေးတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူး စိုးရိမ်ရတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...