လားရှိုးမြို့ထဲ ပိတ်မိနေပြည်သူတွေကို ကယ်ထုတ်ဖို့ခက်ခဲနေ

လားရှိုးမြို့ထဲ ပိတ်မိနေပြည်သူတွေကို ကယ်ထုတ်ဖို့ခက်ခဲနေ

ရှမ်းမြောက် လားရှိုးမြို့ထဲ ကိုးကန့် MNDAA တပ်ဟာ ပရဟိတအသင်းတွေကိုဝင်ခွင့်မပေးတဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပရဟိတအဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ လားရှိုးမြို့မှာ မြို့တွင်းကနေ လမ်းလျှောက်ထွက်ပြေးလာတဲ့ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ လိုအပ်နေပေမယ့် ကိုးကန့် MNDAA က မြို့အဝင် ခါးလျှိဂိတ်မှာဝင်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုးကန့် MNDAA တပ်တွေဟာ ပရဟိတအဖွဲ့ဝင်တွေ နောက်ထပ် ရောက်လာမယ်ဆိုရင်သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ပရဟိတလူငယ်တစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။

“လားရှိုးမြို့ထဲ ဝင်ခွင့်မပေးဘူး ဝင်ကြိုခွင့်လည်းမပေးဘူး။ မြို့တွင်းထဲမဟုတ်ပဲ မြို့ပြင်မှာပဲ ဒုက္ခသည်တွေ လမ်းလျှောက်ပြီးထွက်လာတာကို ကျနော်တို့လှမ်းမြင်နေရပြီ အဲဒါကိုသွားကြိုခွင့်မပေးဘူး။ ပရဟိတ လိုဂို၊တံဆိပ်တွေအကုန်ပါတယ်။ အဲဒါကို ကျနော်တို့ကို လက်ခလယ်ထောင်ပြတဲ့အဆင့်ထိလုပ်တယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကယ်ခွင့်မပေးဘူး။ သူတို့က နောက်တစ်ခါမလာနဲ့ လာရင်ပစ်သတ်မယ်ဆိုတဲ့အဆင့်ထိ ကျနော်တို့ ခြိမ်းခြောက်ခဲ့တယ်။ ကျနော်တို့က တောင်ပိုင်းကနေ မြောက်ထိသွားတယ်ဆိုတော့လေ မလွယ်ဘူးလေဗျာ။” လို့ လက်ရှိ လားရှိုးစစ်ရှောင်တွေကို ကူညီကယ်ထုတ်နေတဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နေ့မှာ ပရဟိတအဖွဲ့ ကား ၇ စီးနဲ့ လားရှိုးမြို့ထဲကနေ လမ်းလျှောက်ပြီးပြေးလာတဲ့ ဒုက္ခသည်ပြည်သူတွေကိုကယ်ထုတ်ဖို့ တောင်ကြီးဘက်ကနေလာခဲ့ပေမယ့် လားရှိုးဝင်ခါနီးဂိတ်မှာတင် ပိတ်ပင်ခံလိုက်ရပြီး MNDAA ဘက်က ပြန်ခေါက်ခိုင်းလိုက်တယ်လို့ ပြောပါတယ်။

လားရှိုးမြို့ တိုက်ပွဲဖြစ်ပွားစဖြစ်ကတည်းက ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားကားတွေ ဝင်ခွင့်ပိတ်ပေးလိုက်ပြီး လူမှုကယ်ဆယ်ရေးအသင်းကိုတော့ ဒုက္ခသည်ပြည်သူတွေကို ကယ်ထုတ်ခွင့်ပေးခဲ့ပေမေယ့် ဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်း မြို့ထဲဝင်ခွင့်ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ကတော့ ရှုံ့ချတယ်။ ဘာလို့ဆို တော်လှန်ရေးဆိုတာကျနော်တို့နားလည်တယ်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ အရပ်သားတွေကိုတော့ သူတို့ကယ်ထုတ်ခွင့်ပေးသင့်တယ်။”လို့ ပရဟိတ လူငယ်ကဆက်ပြောပါတယ်။

လက်ရှိ လားရှိုးမြို့ထဲမှာ သေဆုံးနေတဲ့ပြည်သူအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ ပရဟိတတွေမရှိတော့တာကြောင့် အကူအညီတောင်းခံတဲ့ပြည်သူတွေ လွတ်မြောက်နိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

လားရှိုးမြို့ထဲကနေ အရပ်သားပြည်သူ ၉၀ ရာခိုင်နှုန်း စစ်ရှောင်သွားပြီး မြို့တွင်းမှာ ပြည်သူအနည်းအကျဉ်းကျန်နေသေးသလို လက်ရှိထိ တိုက်ပွဲကြာ လမ်းလျှောက်ပြီး ဆက်လက်ထွက်ပြေးနေသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုးကန့် MNDAA က ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ မနက်အစောပိုင်း လားရှိုးစစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကားသမားတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အလားတူဘဲ စစ်ရှောင်လာတဲ့ အရပ်သားလူငယ်တွေ ကို စစ်သားစုဆောင်း ဖမ်းခေါ်တာတွေလုပ်နေပြီး စစ်ရှောင်ပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေကို ငှားရမ်းသိမ်းယူလိုက်တဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ဇူလိုင် ၂၉ မနက်ထိ လားရှိုးမြို့ ပန်းခြံနဲ့ မန်ဆူဘုရားနားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင် ၂၈ မနေ့ည စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာကြောင့် အရပ်သား ၅ ဦးထပ်မံသေဆုံးမှု ရှိတယ်လို့ ထွက်ပြေးလာသူ အရပ်သားတွေဆီကနေ သိရပါတယ်။

တစ်ဖက်မှာ တိုက်ပွဲကြား လားရှိုးအကျဉ်းထောင်မှာ လက်နက်ကြီး ၂ ကြိမ်လောက်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကျဉ်းသားတွေ ထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် ဇူလိုင် ၂၈ ရက်နေ့မှာ အကျဉ်းဦးစီးဌာနကနေ လွတ်ရက်စေ့ပြီဖြစ်တဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်အမှုထမ်းတွေနဲ့ ဆက်သွယ်နေသူက ပြောပါတယ်။

လားရှိုးထဲကနေ စစ်ရှောင်လာတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ လားရှိုးကို MNDAA က အလုံးစုံထိန်းချူပ်လိုက်တဲ့ အနေအထားထိမရှိသေးပဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အပြင် အကျဉ်းထောင်ကိုလည်း သိမ်းပိုက်ထားနိုင်ပြီး အကျဉ်းသားအားလုံးကိုလွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကလည်း မှန်ကန်မှုမရှိဘူးလို့ အကျဉ်းထောင်အမှုထမ်းနဲ့ ဆက်သွယ်နေသူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ လားရှိုးမြို့ထဲမှာ UWSA ၀ လက်နက်ကိုင်တပ်ဖွဲ့ အင်အား ၂၀ ခန့် ဝင်ရောက်နေတာဖြစ်ပြီး လက်ရှိလားရှိုးမြို့တွင်း၊မြို့ပြင်တွေမှာ အင်တာနက်၊ ဖုန်းလိုင်းအားလုံး ပြတ်တောက်နေတာကြောင့် သတင်းအချက်အလက်အတိအကျ သိရှိနိုင်ဖို့လည်း ခက်ခဲနေပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...