မြောက်ပိုင်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီက တောင်ပိုင်းမှာ ခပ်စိပ်စိပ်စစ်ကြောင်းထိုးလာ

မြောက်ပိုင်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီက တောင်ပိုင်းမှာ ခပ်စိပ်စိပ်စစ်ကြောင်းထိုးလာ

နိုင်ငံမြောက်ပိုင်းမှာ တစ်မြို့ပြီးတစ်မြို့ အသိမ်းခံနေရတဲ့ စစ်ကောင်စီက နိုင်ငံ့တောင်ပိုင်း မွန်ပြည် နယ်ရှိ ကျိုက်ထိုနဲ့ ရေးမြို့နယ်တို့မှာ စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲဒီအတွက်ကြောင့် ဒေသတွင်းလှုပ်ရှားနေတဲ့ KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်တွေအပါအဝင် လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားနေတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသဖြစ်တဲ့ ကျိုက်ထိုမြို့ နယ်အတွင်း လနဲ့ချီတိုက်ပွဲတွေ ငြိမ်သက်ရာကနေ ဇူလိုင်ဒုတိယပတ်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် လာနေတာပါ။

ဇူလိုင် ၂၂ ရက်နေ့က ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ၂၃ ရက်နေ့မှာလည်း သိမ်ဇရပ်မြို့တဝိုက်မှာလည်း တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့ပါသေးတယ်။

တစ်ဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေချိန်နဲ့ ဖြစ်ပွားပြီးချိန်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့ နယ်အတွင်း အရပ်သား ၁၆ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၃၀ ကျော် ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ ရေးမြို့နယ်မှာလည်း ဇူလိုင်လဆန်းကတည်းက စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေကို စကခ ၁၉ လက်အောက်ခံ တပ်ရင်းတွေအတွင်း ပို့ဆောင်ပြီးနောက်ပိုင်း စစ်ကောင်စီက စစ် ကြောင်းထိုးတာနဲ့ စစ်ရေးလှုပ်ရှားတာတွေ စတင်လာပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေရှိရာကို စစ်ကောင်စီက စစ်ကြောင်းထိုးလာမယ်လို့ မျှော်လင့်ပြီး အဆင်ပြေသလို တိုက်ပွဲတွေ ဆင်နွှဲသွားဖို့ ရှိတယ်လို သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရေးမြို့ အခြေစိုက် စကခ ၁၉ လက်အောက်ခံတပ်တွေက ရေးတောင်နဲ့ ရေးမြောက်ဘက် နှစ်ဘက်စလုံးမှာ နယ်မြေရှင်းလင်းရေးပုံစံမျိုးနဲ့ စစ်ကြောင်းတွေ ထိုးနေတာ တွေ့ရတယ်။ ကျွန်တော်တို့ ရှိရာဘက်ကိုတော့ သူတို့ စစ်ကြောင်းထိုးလာမယ်လို့ မျှော်လင့်တယ်။ ကျွန်တော်တို့ဘက်ကလည်း အဆင်ပြေရင်ပြေသလို တိုက်ပွဲတွေဆင်နွှဲသွားဖို့ ရှိတာပေါ့”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ AD ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်ကတော့ လတ်တလော ရေးမြို့နယ် မော့ကနင်ရွာဘက်မှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားတဲ့ ပုံစံတွေ နည်းနည်းလုပ်ဆောင်လာတာ တွေ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးဒေသခံပြည်သူတစ်ဦးကတော့ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာ မော့ကနင်ကျေးရွာအနီးဝန်း ကျင်အတွင်း ပစ်ခတ်သံတွေ ကြားနေရပြီး လောဆယ်မှာ တိုက်ပွဲမပြင်းထန်သေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနေ့လည်း မနက်ကပစ်ခတ်သံ နည်းနည်းကြားရတယ်။ စကစက သူတို့က ရွာသစ်မှာရှိနေတယ်။ လောလောဆယ်က တိုက်ပွဲက သိပ်မပြင်းထန်ဘူး။ နည်းနည်းပါးပါး သူတို့ချင်း အပြန်အလှန်ပစ်ခတ်ပြီး စောင့်နေကြတာပေါ့”လို့ ဆိုပါတယ်။

မော့ကရင်ကျေးရွာနဲ့ အနီးတဝိုက်ရှိ ဒေသခံပြည်သူတွေဟာ နှစ်ဘက်ပစ်ခတ်မှုကြောင့် ခြံထဲသွား လာတာ အဆင်မပြေသလို ည‌နေ ၆ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာတာတွေလည်း ကန့်သတ်ခံထားရတာပါ။

ဒါ့အပြင် ကရင်ရွာတချို့ကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တဲ့အတွက် ကျင်းတူးတာတွေ ရှိနေပြီး တချို့ကတော့ တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး ပြောင်းရွှေ့တာတွေ ဆက်လုပ်သွားမယ့်သဘောလို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တာဝန်ရှိသူတချို့ကတော့ ဇူ လိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာ ရေးတောင်ပိုင်းနဲ့ မြောက်ပိုင်းဘက်မှာ ပစ်ခတ်သံတွေကြားနေရပြီး အခြေအနေအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

နိုင်နဂါးကတော့ မြောက်ပိုင်းမှာ လွတ်လပ်မှုတွေရနေချိန်မှာ တောင်ပိုင်းမှာလည်း လှုပ်ရှားဖို့လိုတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကို တော်လှန်ရေးအဖွဲ့တွေဆီ အ ကြောင်းကြားဖို့ တိုက်တွန်းပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြောက်ပိုင်းမှာ လွတ်လပ်မှုတွေ ရနေတဲ့အချိန်မှာ ကျွန်တော်တို့ တောင်ပိုင်းဘက်ကလည်း လှုပ်ရှားဖို့လိုတယ်။ ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်သွားလာဖို့ စစ်ကောင်စီကို အမြန်ဆုံးနှင်ထုတ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ကိစ္စမရှိဘဲနဲ့ ခရီးမသွားပါနဲ့။ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ဆီ အကြောင်းကြားပါ။ သတင်းပို့ပါ။ စစ်ကောင်စီတွေ ရွာထဲကို ဝင်လာမယ်ဆိုရင် အရေးကြီးစာရွက်စာတမ်းတွေ၊ ပစ္စည်းတွေယူပြီး ဆွေမျိုးရှိရာ အခြားရွာကို ခေတ္တပြောင်းရွှေ့ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းဖြစ်တဲ့ ခလရ ၁၀၆ နဲ့ အမြောက်တပ်ရင်း အမတ ၃၁၇ ရှိတဲ့ မော့ကနင်ကျေးရွာ အနီးတဝိုက်မှာ ဇူလိုင် ၂၅ ရက်နေ့အထိ နှစ်ဘက်ထိတွေ့တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

ဇူလိုင် ၂၃ ရက်နေ့ကလည်း တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ ကုန်းပေါ်ရွာသစ်စေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ AD နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်မှုကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

ရေးမြို့ နယ်ဟာ စစ်ကောင်စီရဲ့ စကခ ၁၉ အပါအဝင် တပ်ရင်း ၁၃ ရင်းနဲ့ ဖြန့်ကျက်ထားပြီး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှု အားကောင်းတဲ့ ဒေသဖြစ်ပါတယ်။

Most read this week

September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...
September 27, 2024
နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး...
September 26, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မြေပြင်ဆီ...