မော်လမြိုင်မှာ ပြည်သူ့စစ်အဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးမှုတွေရှိနေ

မော်လမြိုင်မှာ ပြည်သူ့စစ်အဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးမှုတွေရှိနေ

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တွေဟာ မော်လမြိုင်မြို့အပါအဝင် ဒေ သတွင်းရှိလူငယ်တွေကို သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်ဖို့ လိုက်လံစည်းရုံးမှုတွေ လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက လူငယ်တွေကို သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်မယ်ဆိုပါက လစာကောင်းကောင်းရရှိမှာဖြစ်သလို ယူနီဖောင်းနဲ့ လက်နက်တွေလည်း ရရှိမှာဖြစ်တယ်ဆိုပြီး စည်းရုံးမှုတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် သူတို့တွေဟာ ရပ်ရွာတွေအခြေစိုက် ပြည်သူ့စစ်ဖြစ်တာကြောင့် ဒေသတွင်းမှာပဲ နေထိုင်ရမှာဖြစ်ကာ ရှေ့တန်းထွက်၊ စစ်တိုက်ရမှာ မဟုတ်သလို လုံခြုံရေးအနေနဲ့ လှည့်ကင်း၊ ပတ်ကင်းနဲ့ ဧည့်စာရင်းစစ်ဆေးတဲ့ နေရာတွေလောက်သာ လိုက်ပါရမှာဖြစ်တယ်ဆိုပြီး စည်းရုံးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ လူငယ်တွေကို သူတို့အဖွဲ့ထဲ ဝင်မယ်ဆိုရင် စစ်တိုက်ရမှာမဟုတ်ဘဲ လုံခြုံရေးလှည့်ပေးရုံသက် သက်ပဲလို့ ပြောဆိုမှုဟာ ဗြောင်လိမ်တာဖြစ်သလို လက်ရှိစစ်သုံ့ပန်းတွေ ဖမ်းဆီးရမိချိန်မှာ ပြည်သူ့ စစ်တွေကိုတွေ့ရှိရတယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ ဒီလက်ရှိမှာ လူငယ်တွေကို စစ်မတိုက်ရဘူး၊ ယူနီဖောင်းရမယ်၊ လက်နက်ရမယ်၊ လ စာရမယ်၊ ထောက်ပံ့ကြေးတွေရမယ်ဆိုပြီးတော့ လုံခြုံရေးလှည့်ပေးရုံပဲဆိုပြီး သူတို့ပြောတာပေါ့လေ။ စည်းရုံးနေတယ်။ ဒါတွေကတော့ လူငယ်တွေကို ဗြောင်လိမ်တာပဲလေ။ တကယ်တန်းကျတော့ သင်တန်းပြီးရင် ရှေ့တန်းစစ်မြေပြင်ကို တန်းပို့တာပါပဲ။ ဆိုတော့ ဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့ကတော့ စစ်သားအင်အားတွေ စစ်သည်တပ်သား လျော့နည်းလာတဲ့အတွက် ဒီလူငယ်တွေကို စစ်ထဲဝင်ဖို့ တဖက်လှည့်နဲ့ စည်းရုံးတယ်။ ဒီမှာကျွန်တော်တို့ ရှေ့တန်းစစ်မြေပြင်မှာ ကျွန်တော်တို့ စစ်သုံ့ပန်းတွေ အဖမ်းခံရတဲ့အချိန်မှာ ကျွန်တော်တို့စစ်ဆေးတွေ့ရှိချက်တွေအရ ပြောပြတာပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာထဲမှာ ပြည်သူ့စစ်ထဲဝင်ဖို့ အတင်းအဓမ္မစည်းရုံးတာတွေ ရှိခဲ့သလို လက်ရှိမှာလည်း အဖက်ဖက်က စစ်ရေးအရရှုံးနိမ့်ပြီး အင်အားနည်းပါးလာတာကြောင့် ထပ်မံစည်းရုံးနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ စစ်ကောင်စီဟာ စစ် မျက်နှာတိုင်းမှာ ရှုံးနိမ့်နေတာကြောင့် သူတို့ရဲ့ အာဏာစည်းစိမ်တွေ မထိပါးအောင် လူသစ်တွေကို စည်းရုံးနေတာဖြစ်သလို စစ်ကောင်စီစကားကိုယုံပြီး သူတို့အဖွဲ့ထဲဝင်ပါက အပြီးသရဏဂုံ တင်သွားဖို့ ပြောဆိုလိုက်ပါတယ်။

“စစ်မျက်နှာတိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ရှုံးနိမ့်နေတယ်။ စစ်သားတွေ အတုံးအရုံးသေဆုံးနေကြတယ်။ ဒီဖြစ်စဉ်ကြောင့် ဒီစစ်ကောင်စီ အထက်ပိုင်းခေါင်းဆောင်တွေက သူတို့ရဲ့ အာဏာစည်း စိမ်တွေကို မကြာခင်ထိပါးလာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အခုလို လူငယ်တွေရဲ့ အသက်ကို ပဓာနမထားဘဲ သူတို့ရဲ့ အာဏာအတွက် ကာကွယ်ပေးဖို့ အခုလိုဖိအားတွေ ပေးပြီးတော့ လူသစ်တွေကို စည်းရုံးနေတယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ရဲ့ အခုလို ယူနီဖောင်းပေးမယ်၊ လက်နက်ပေးမယ်၊ လုံခြုံရေးပဲလုပ်ရမယ်ဆိုတဲ့ ဒီအလိမ်အညာစကားကို သွားပြီးယုံမယ်ဆိုလို့ရှိရင်တော့ အဲဒီလူဟာ စစ်ကောင်စီတပ်ထဲ ဝင်သွားမယ်ဆိုလို့ရှိရင်တော့ အပြီးသရဏဂုံတင်သွားပါလို့တော့ ကျွန်တော်ဒီနေ့ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ ဒေသတွင်းမှာတော့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ် အဖွဲ့ဟာဆိုရင် ရဲတပ်ဖွဲ့နဲ့ ပူး ပေါင်းပြီး မြို့တွင်းမှာ လုံခြုံရေးအကြောင်းပြပြီး လှည့်လည်တာ၊ လူစည်ကားရာ နေရာတွေမှာ ပိတ် ဆို့ စစ်ဆေးတာတွေအပြင် ဧည့်စာရင်းစစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် လမ်းသွားလမ်းလာတွေကို စစ်ဆေးတဲ့နေရာမှာ ကားနဲ့ ဆိုင်ကယ်ဘောက်တွေကို စစ်ဆေးတာတွေအပြင် မထင်ရင်မထင်သလို ဖုန်းတွေကိုပါစစ်ဆေးပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေ့ရှိပါက ရိုက်နှက်ဖမ်းဆီးတာတွေကအစ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။

အခုလို စစ်ဆေးတဲ့နေရာမှာလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ အရက်သေစာ သောက်စားထားပြီး ပြည်သူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာ၊ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါး ပြောဆိုတာတွေကို ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ နေ့စဉ်နီးပါး မြင့်တက်နေတဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အ သက်သွင်းပြီး စစ်သားစုဆောင်းတာ၊ အရန်တပ်ဖွဲ့ ဥပဒေကို အသက်သွင်းပြီး စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်တာအပြင် လက်ရှိပြည်သူ့စစ်အဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးနေတာပဲ ဖြစ်ပါတယ်။

မွန်ပြည်နယ် အတွင်းရှိ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်တွေ ထဲမှာတော့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ၊ ဘာသာရေး အစွန်းရောက် မဘသအဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တွေအပြင် စစ်တပ်ထောက်ခံသူတွေ အများစုပါဝင်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

Most read this week

September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...
September 27, 2024
နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး...
September 26, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မြေပြင်ဆီ...