မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ် တိုက်ပွဲပြန်စတင်

မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ် တိုက်ပွဲပြန်စတင်

တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ဗန်းမော်ခရိုင် မိုးမောက် ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က  ဇွန်လ ၂၄ ရက်နေ့ကစပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ မှာ  တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့အကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

“ဗန်းမော်၊ မိုးမောက်ဘက်မှာက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်က လေယာဉ်နဲ့ လာပစ်တာတွေ၊ ထိတွေ့တိုက်ပွဲတွေက ပုံမှန်ရှိနေပါတယ်။ ဒီကနေ့ကပြီး မိုးမောက် ၄၃၇ ရှိတဲ့ ဘက်ကို တိုက်ပွဲတွေ ပြန်ဖြစ်နေပြီလို့ သတင်းရပါတယ်။ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတော့ ခြေအနေ သေးစိတ်ကို သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ခဲ့တာဖြစ်ပေမယ့် အပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိသေးဘဲ တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်နေရာကနေ တဖန်ထိုးစစ်ဆင် တိုက်ခိုက်လာ နေတာဖြစ်ပါတယ်။

တိုက်ပွဲပြန်လည်ဖြစ်နေပေမယ့် ကချင်တစ်ပြည်နယ်လုံးအဆင့် ဖုန်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် တိုက်ပွဲအခြေအနေအသေးစိတ်ကို သိရဖို့ ခက်ခဲနေသေးတာလည်း ဖြစ်ပါတယ်။

ကချင်တစ်ပြည်နယ်လုံး ဖုန်းအင်တာနက်လိုင်း ပြတ်တောက်နေတဲ့အချိန် တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာကြောင့် တိုက်ပွဲနေရာနဲ့ နီးတဲ့ ပြည်သူတွေအနေနဲ့ သတိထားပြင်ဆင်နေကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြီး သတိပေးထားပါတယ်။

“တိုက်ပွဲက ဘယ်လောက်ထိ ပြင်းထန်လာမယ်ဆိုတာတော့ သေချာတော့ မသိရဘူး ပြောလို့လဲမရဘူး ။ ကချင်ပြည်နယ်ထဲမှာ ဖုန်းအင်တာနက်အားလုံးပိတ်သွားတယ်။ စစ်ရေး နဲ့ တိုက်ပွဲသတင်းတွေ နားစွင့်ဖို့ ခက်ခဲနေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ပစ်ခတ်သံတွေ၊ စစ်ရေးလှုပ်ရှားတာတွေရှိရင် သတိထားနေထိုင်ဖို့ ပြောချင်ပါတယ်။ ပြီးရင် ခရီးသွားလာတာတွေလည်း သတိထားစေချင်တယ်”လို့ပြောပါတယ်။

အခုလို မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲတဖန်ပြန်လည်ဖြစ်လာတာကြောင့် KIO ထိန်းချုပ်နယ်မြေနဲ့ ထိစပ်တဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန် စတဲ့ မြို့နေရာ ဒေသခံပြည်သူတွေကိုလည်း စစ်တပ်က အချိန်မရွေးလေကြောင်းတိုက်ခိုက်တာတွေ ရှိလာနိုင်တဲ့အတွက် လေကြောင်းရန် သတိထားပြီး နေထိုင်ကြဖို့ ပြောဆိုထားတယ်လို့လည်း လွယ်ဂျယ်ဒေသခံတွေ ပြောပါတယ်။

တစ်လကျော်အကြာမှာ တစ်ဖန်ပြန်လည်ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဗန်းမော်မြို့အပါ မိုးမောက်၊ မံစီ တွေမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်းနေရာတွေကို အပြီးသတ် သိမ်းပိုက်ဖို့ KIA တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာဖြစ်တယ်လို့လည်း KIA နဲ့ နီးစပ်တဲ့ လွယ်ဂျယ်ဒေသခံတစ်ချို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

မိုးမောက်၊ မံစီမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်အထိ KIA သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မိုးမောက် ခမရ ၄၃၇ တပ် နဲ့ မံစီမြို့တပ်ဖြစ်တဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်ရင်း နေရာတွေဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...