ရွှေပြည်အေးမြို့ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကြပ်အတည်းရှိလာ

ရွှေပြည်အေးမြို့ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကြပ်အတည်းရှိလာ

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့က စစ်ဘေးရှောင် တစ်ထောင်ခန့်ဟာ စစ်ဘေးတိမ်းရှောင်လာရတာ (၈ )လတာကြာမြင့်လာပြီး  စားနပ်ရိက္ခာတွေအကြပ်အတည်းတွေနဲ့ရင်ဆိုင်လာရတယ်လို့ စစ်ဘေးတိမ်းရှောင်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

“ အခု ၈လ ကျော်ပြီးတဲ့နောက်ကကြတော့ ကိုယ်ဟာကိုရှာစားနေရတာ ဒါပေမယ့် အခုတလောကကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (၇ )လ တစ်ရက်နေ့ကစလို့ လာဝေတယ် ။ အခုနောက်လာထောက်ပံ့တာကြတော့ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့က လာထောက်ပံ့တာ။ ပထမတုန်းကတော့ အဆင်ပြေတယ် အခုနောက်တော့ ရိက္ခာတွေကကိုယ်အလုပ်နဲ့ကိုယ်ရှာပြီးစားနေရတာပါရှင့်။ ” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာအတွက် ဟုမ္မလင်းမြို့နယ်ထွေအုပ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ  ၂၀၂၄ ခုနှစ် ဇွန်လအထိ ထောက်ပံ့ပေးခဲ့ပြီး အဲ့ဒီနောက်မှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဆက်လက်ထောက်ပံ့မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာထောက်ပံ့မှုတွေရှိပေမယ့်လည်း  အဆင်မပြေမှုတွေရှိနေတာကြောင့် စစ်ရှောင်နေရတဲ့ ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကျဘမ်းလုပ်ငန်းတွေနဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းနေရတယ်လို့သိရပါတယ်။

“ ဆန်အတွက်ကလုံလောက်တယ် ကျန်တာတဲ့ဟာအတွက်က မလုံလောက်ဘူးရှင့်။ ကျောင်းသားတွေရှိတဲ့အခါကြတော့ ကျောင်းထားရတဲ့ ကျောင်းစားရိတ်တွေလိုလာတဲ့အခါကြတော့ အများကြီးခက်ခဲကြတယ်ရှင့်။ တချို့တွေကြတော့ အဖိုးကြီး အဖွားကြီးအလုပ် လုပ်တဲ့သူတွေမပါလာတဲ့အခါကြတော့ ပိုလို့ဆိုးတယ်ရှင့်” လို့ စစ်ဘေးရှောင် အမျိုးသမီးကပြောပါတယ်။

ရွှေပြည်အေးမြို့ ၊  မယ်ဇလီကျေးရွာ၊ ရေလဲကျေးရွာ၊ နောင်ဆန်းကျင်ကျေးရွာက စစ်ဘေးရှောင်တွေဟာ ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားဝန်းအတွင်းမှာ ယာယီစစ်ရှောင်တဲများ ၊ အဆောင်များဆောက်ပြီး နေထိုင်နေရကြတာလည်းဖြစ်ပါတယ်။

“ နေရထိုင်ရ တာကလည်းဘယ်လိုပြောမလည်း နည်းနည်းတော့ သိပ်တော့အဆင်မပြေဘူး အဆောင်သမားတွေက အဆင်ပြေတယ်၊ ကိုယ်ဟာကိုယ် အခုနောက်က ကျွန်မတို့အဆောင် ဆောက်လို့ပေးတာလေးရှင့်။ အဆောင်ဆောက်လို့ပေးတဲ့ဟာတွေဆိုရင် သိပ်အဆင်မပြေဘူးရှင့် နေရထိုင်ရတာမိုးနဲ့ရေနဲ့ဆိုတော့ ဒါပေမယ့် တချို့အဆောင် ဆောက်ပြီးသားသမားတွေဆိုရင်တော့ အဆင်ပြေကြတယ်”  နောက်ထပ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ရွှေပြည်အေးမြို့က ဒေသခံ တစ်ထောင်နီးပါးဟာ  NUG က မြို့သိမ်းတိုက်ပွဲ ဆင်နွဲတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တိမ်းရှောင်ခဲ့ကြရတာဖြစ်ပြီး ၈ လတာကြာမြင့်လာပေမယ့်လည်း ဒေသခံတွေဟာ နေရပ်မပြန်နိုင်ကြသေးဘူးလို့သိရပါတယ်။     

Most read this week

September 30, 2024
စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် ဆက်သွယ်ထားသည့် မန္တလေး-မြစ်ကြီးနား...
September 27, 2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းက မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်ရှိ တောင်သူတွေဟာ...
September 25, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ ဆိပ်မူကျေးရွာတွေကနေ မြို့ကြီးတွေဆီဘက်ကို အခုရက်ပိုင်းမှာ...
September 23, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ စက်တင်ဘာလဒုတိယအပတ်အတွင်း ...