ချင်းတော်လှန်ရေးတပ် CDF- တွန်းဇံ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို ချင်းလဲန်းကောင်စီထံ တိုင်ကြားမည်ဟု PDA ဆို

ချင်းတော်လှန်ရေးတပ် CDF- တွန်းဇံ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို ချင်းလဲန်းကောင်စီထံ တိုင်ကြားမည်ဟု PDA ဆို

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF - တွန်းဇံ၏ ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ဖြေရှင်းနိုင်ရန် ချင်းလဲန်းကောင်စီ (CC) ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း People Defense Army – PDA ကပြောသည်။

တွန်းဇံမြို့တွင် လူမျိုးနွယ်စုများကို ခွဲခြားဆက်ဆံခြင်း၊ ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ ငွေနှင့် အလဲအလှယ်လုပ်ခြင်း၊ အိမ်များကို ချိတ်ပိတ်ခြင်း၊ တော်လှန်ရေး သပိတ်ခေါင်းဆောင်များကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်းများကို CDF - တွန်းဇံက ကျူး လွန်နေသောကြောင့် ချင်းလဲန်းကောင်စီထံ တိုင်ကြားသွားမည်ဟု PDA ဥက္ကဌက ပြောသည်။

“CC (ချင်းလဲန်းကောင်စီ) ကိုတော့ နှုတ်နဲ့ ပြောထားပြီး။ စာနဲ့ တင်ပြဖို့ ရှိတယ်။ CC ကို တင်ပြဖို့ လုပ်ထားတဲ့ ဟာမှာတော့ အသေး စိတ်အချက်အလက်တွေ ရေးထားတယ်။ ဒီမှာ ဖြစ်စေချင်တာက (နေအိမ်) သိမ်းတယ်ဆိုရင်လည်း သက်သေအခိုင်အလုံနဲ့ ဖြစ်စေ ချင်တယ်။ ZRA ကို ထောက်ပံ့လို့ သိမ်းတယ်ဆိုတာနဲ့ မဖြစ်သင့်ဘူး။ ဒါက ကိုယ်နဲ့ မတူ၊ ကိုယ့်ရန်သူဆိုပြီး လုပ်တာက မကောင်း ဘူး။ သက်သေ မခိုင်လုံဘူးလို့ မြင်တယ်။ ဆိုလိုတာက သိမ်းတယ်ဆိုရင်လည်း သိမ်းပါ။ သက်သေခိုင်ခိုင်လုံလုံနဲ့ တရားဥပဒ ကျကျ သိမ်းဖို့ ဖြစ်စေချင်တယ်” ဟု PDA ဥက္ကဌက ပြောသည်။

CDF - တွန်းဇံ၏ ရာဇဝတ်မှုများ ကျူးလွန်ခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ရှုံချပြီး ခွဲခြားဆက်ဆံခြင်း ခံနေရသော ပြည်သူ များ၊ မျိုးနွယ်စုများနှင့်အတူ ရပ်တည်ကြောင်း PDA က ဇူလိုင်လ ၂၀ ရက်က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၂ ရက်အထိ တွန်းဇံမြို့တွင် နေအိမ်များကို ချိတ်ပိတ်ထားမှု ၁၈ လုံး ဝန်းကျင်ရှိပြီးဖြစ်ကြောင်း CDF - တွန်းဇံ စစ်ဦးစီးချုပ် ပူးထန်ဆွင်းမုန်က သူ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ဖော်ပြထားသည်။  

ZRA တပ်ဖွဲ့ဝင်များနှင့် ZRA အဖွဲ့ကို ထောက်ပံ့ပေးသူများ၏ နေအိမ်များ၊ Non- CDM သမားများ၏ နေအိမ်များကို ချိတ်ပိတ်၍ သိမ်းဆည်းခြင်းဖြစ်ကြောင်း သူကပြောသည်။  

“ကျနော်တို့ အနေနဲ့ ZRA Supporter တွေရဲ့ နေအိမ်တွေကို မဖြစ်မနေ ချိတ်ပိတ်ပြီး သိမ်းဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ တွန်းဇံမှာ သူတို့တွေ မရှိရင် ZRA တွေ အင်အားကြီးနိုင်စရာ အကြောင်း မရှိဘူးလေ။ အဲတာကြောင့် ချိတ်ပိတ်တာပါ။ ZRA နဲ့ မသက်ဆိုင်ဘူး ဆိုရင် ဘာဒဏ်ကြေး မှလည်း မတပ်ဘူး။ မလုပ်ဘူး” ဟု ပူးထန် ဆွင်းမုန်က ချင်းဝေါလ်သတင်းဌာနနှင့် ဇူလိုင် ၁၉ ရက်က အင်တာဗျူးတွေ ဖြေကြားထားသည်။

၂၀၂၃ ခုနှစ်အတွင်းက ZRA တပ်ဖွဲ့၏ CDF - တွန်းဇံစခန်းကို စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍လည်း လက်ရှိ တွန်းဇံမြို့ သိမ်းတိုက်ပွဲအပြီးတွင် ZRA နှင့် ပူးပေါင်းသည်ဟူသော စွပ်စွဲချက်ဖြင့်  ဒေသခံများကို ဖမ်းဆီးကြောင်း PDA ဥက္ကဌက ပြောသည်။

CDF - တွန်းဇံသည် ဒေသခံများကို ဖမ်းဆီးပြီး ငွေနှင့် အလဲအလှယ် လုပ်ခြင်းများ ပြုလုပ်နေကြောင်း၊ သက်သေ အထောက် အထား ခိုင်လုံသော ဖြစ်စဉ် ၃ ခုကို ရရှိထားပြီး  သတင်းများထွက်ပေါ်သော်လည်း အထောက်အထား မခိုင်လုံသည့်ဖြစ်စဉ်များလည်းရှိကြောင်း People Defence Army – PDA ဥက္ကဌက ပြောသည်။

ထိုသက်သေအထောက်အထားများကို ချင်းလဲန်းကောင်စီထံ အပြည့်အစုံ တင်ပြသွားမည်ဖြစ်ကြောင်း PDA ဥက္ကဌက ပြောသည်။  

“ငွေနဲ့ လဲခိုင်းတာဆိုရင် တော်တော်လေးကို တော်လှန်ရေး ပုံရိပ်ကို ကျစေတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က (မြို့သိမ်း) လုပ်လိုက်တာက တပ်ပေါင်းစုအနေနဲ့ လုပ်တာဖြစ်တယ်။ ဒါပေမယ့် အဲလို ငွေညှစ်တာက တပ်ပေါင်းစုအနေနဲ့ လုပ်တာ မဟုတ် ဘူး။ တွန်းဇံ CDF က လုပ်တာ။ ဒါကို တပ်ပေါင်းစု လုပ်တယ်ဆိုပြီးတော့ လိုင်းပေါ်မှာ ရေးကြတယ်။ CNF နဲ့ ကျနော်တို့ PDA ကပဲ လုပ်သလိုလို၊ ချင်းလဲန်းကောင်စီကပဲ လုပ်နေသလို ရေးကြတယ်။ အဲလိုမျိုး အဖြစ်တော့ မခံနိုင်ဘူးပေါ့။ ဒါကြောင့် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု PDA ဥက္ကဌက ပြောသည်။

CDF တွန်းဇံက ဖမ်းဆီးပြီး ငွေတောင်းမှုဖြစ်စဉ်များတွင် သိန်း ၂၀၀၊ သိန်း ၃၀၀ စသဖြင့် တောင်းသည်ကို အချက်အလက်များ ရထားကြောင်း PDA ဥက္ကဌကပြောသည်။  

CDF - တွန်းဇံ၏ ထိုကဲ့သို့သော လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်ပေးပါရန် PDA တပ်ဖွဲ့က အပြင်းအထန် တိုက်တွန်းထားပြီး ဆက်လက် ကျူးလွန်ခြင်း၊ ပြည်သူများ စိတ်ငြိုငြင်အောင် ပြုလုပ်ခြင်းများ ရပ်တန့်မှု မရှိပါက ပြည်သူများနှင့်အတူ အရေးယူ သွားမည်ဖြစ်ကြောင်း PDA က သတင်းထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ Tonzang Township Council ဥက္ကဌလည်းဖြစ် CDF-Tonzang စစ်ဦးစီးချုပ်လည်းဖြစ်သည့် ပူးထန်ဆွင်းမုန်ကို ခိုနူမ်းသုန် အနေဖြင့် ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

Most read this week

September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...
September 27, 2024
ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆော -...
September 25, 2024
ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး...
September 24, 2024
မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ...