ကချင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်

ကချင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်

ကချင်ပြည်နယ် တစ်ပြည်နယ်လုံး မနေ့က ဇူလိုင်လ ၂၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်ကနေ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်သွားပြီး သတင်းရေးသားနေတဲ့ ဒီမနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

ဇူလိုင်လ ပထမအပတ် ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အတွင်း ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီးနောက် ဖုန်းလိုင်းအော်ပရေတာတစ်ချို့ ပြတ်တောက်ခဲ့သလို Wifi လိုင်းတွေအားလုံးလည်း ပြတ်တောက်ခဲ့ပါသေးတယ်။

ရေကြီးပြီး ရက်ပိုင်းအကြာမှာ  K-net အမည်ရှိ Wifi လိုင်းများပြန်လည်ရရှိလာခဲ့သလို Mytel နဲ့ အော်ရီဒူး ဖုန်းလိုင်းလည်းရရှိလာခဲ့ပြီး တစ်ဖြည်းဖြည်း ဖုန်းလိုင်းအားလုံး ရရှိလာခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် ဇူလိုင်လ ၂၁ ရက် နေ့လည်ပိုင်းလောက်ကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေအားလုံး ပြတ်တောက်သွားခဲ့ပါတယ်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မတ်လတုန်းကလည်း ဖုန်းနဲ့အင်တာနက်လိုင်းတွေ တစ်လလောက်ကြာ ပြတ်တောက်တဲ့အခြေနေရှိခဲ့ပြီး Wifi အင်တာလိုင်းသာ ရရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေမှာ စစ်ကောင်စီက သတင်းစီးဆင်းမှုပိတ်ဆို့တဲ့ ရည်ရွယ်ချက်နဲ့ ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်လေ့ရှိပါတယ်။

ဒီတစ်ကြိမ် ကချင်ပြည်နယ်တစ်ဝှမ်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းပြတ်တောက်ရတဲ့အကြောင်းရင်းကိုတော့ KNG က အတည်မပြုနိုင် သေးပါဘူး။

ဇူလိုင်လ ပထမအပတ် ကချင်ပြည်နယ်ရေဘေးသင့်ချိန် ငြိမ်သက်နေခဲ့တဲ့ စစ်ရေးအခြေနေဟာ ဇူလိုင်လ ဒုတိယအပတ် လောက်မှာ ဝိုင်းမော်မြို့နယ် နဲ့ ဗန်းမော်မြို့ အနီးတစ်ဝှိုက်မှာ ပစ်ခတ်သံ တချို့ ပြန်လည်ထွက်ပေါ် ခဲ့ပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့တွင်းတပ် ခလရ ၅၈ တပ်ရင်း နဲ့ ဝူယာန် ပြည်သူ့စစ်တပ်စခန်းအနီးတစ်ဝှိုက်မှာ ကားလမ်းတွေကို စစ်တပ်က ဘက်ဟိုးနဲ့ ဖျက်ဆီးပိတ်ဆို့လိုက်ပါတယ်။

ဗန်းမော်မြို့ ကနေ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီ တင့်ကား ၅ စီးနဲ့ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA တိုက်ခိုက်ခဲ့ပြီး နှစ်ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ရာ အဲ့ဒီ တိုက်ပွဲအတွင်းစစ်တပ်ဘက်က တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ရေး တဖန်ပြင်းထန်လာနိုင်ခြေရှိတဲ့ ကချင်ပြည်မှာ ပြည်သူတွေစိုးရိမ်နေချိန်  ဖုန်းအင်တာနက်လိုင်းတွေလည်း ထပ်မံပြတ်တောက်သွားတာ ဖြစ်ပါတယ်။

သတင်းအချက်အလက်ရယူခွင့် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များကို အင်တာနက်ပေါ်မှာ သတင်းရယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် (သို့မဟုတ်) အနှောင့်အယှက်ပေးတဲ့အစီအမံများဟာ နိုင်ငံတစ်ကာ လူ့အခွင့်အရေးချိုးဖောက်စေတာကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရူတ်ချသည်သာမက နိုင်ငံအားလုံးကို ယင်းကဲ့သို့သော အစီအမံများကို ရှောင်ကြဉ်ကြရန်နဲ့ ရပ်တန့်ကြရန် တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ်တဲ့ Free Expression Myanmar (FEM) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...