မိုးမိတ် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေ

မိုးမိတ် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့  မိုးမိတ်မြို့ပေါ်မှာ ဒေသခံတွေ ဘေးလွှတ်ရာ ကျေးရွာတွေနဲ့ မန္တလေးမြို့ ဘက်ကိုအဓိကထွက်ပြေးတိမ်းရှောင်နေကြတာလို့ ပြောပါတယ်။

“ ၂ မိုင် ၃ မိုင်လောက်ဝေးတဲ့ရွာလေးတွေလည်းရှောင်ကြတယ်။ ကျနော်အခုကူညီနေတာဆို စစ်ရှောင် ၁ ထောင်ကျော်တယ်။ အဓိက တော့ မိုးမိတ်မြို့နယ်ပတ်ဝန်းကျင်မှာ ၉၀၀ လောက်ရယ် မန္တလေးမြို့ရောက် နေတဲ့ ၁၀၀လောက်ရှိတယ်။“လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်

လက်ရှိ စစ်ဘေးရှောင်နေသူအများစုဟာ အသက် ၅၀ ကျော်အရွယ်နဲ့ အသက် ၁၅ နှစ်အောက်ကလေးငယ်တွေကအများဆုံးဖြစ်ပြီး အဓိကတော့ စားနပ်ရိက္ခာဖြစ်တယ်လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တစ်ထောင်ကျော်ထဲက စစ်ရှောင် ၉၀၀ ဝန်းကျင်ဟာ မိုးမိတ်မြို့နဲ့ ၂ မိုင်လောက်ပဲဝေးတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြသလို စစ်ဘေးရှောင် ၁၀၀ ကျော်က မန္တလေးမြို့ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေအိမ်မှာတိမ်းရှောင်နေကြတာလို့ သိရပါတယ်။

တစ်ဖက်မှာ မိုးမိတ်မြို့တွင်းထဲမှာတော့ ငွေအင်အားမတတ်နိုင်သူတွေ၊ သူခိုးရန်ကိုကြောက်လို့ မြို့တွင်းမှာ လှည့်ပတ်ရှောင်ရင်းနေရစ်ခဲ့သူတွေရှိပြီး မိုးမိတ်မြို့နယ်အတွင်းရှိနေတဲ့ဒေသခံတွေကို ဆက်သွယ်ဖို့လည်း ဖုန်းလိုင်းအခက်အခဲကြောင့်ဆက်သွယ်လို့မရဘူးလို့ဒေသခံတွေကပြောပါတယ်။

“ မိုးမိတ်က ပထမတစ်ကြိမ်လည်းခံရတယ်။ ဒုတိယတစ်ကြိမ်လည်းခံရတယ်။ အခုတစ်ကြိမ်က ပိုဆိုးတာ ပေါ့ ဖုန်းကလည်းဆက်လို့မရဘူး။ လိုင်းလည်းမရဘူး။ ကျန်ခဲ့တဲ့အရပ်သားတွေထဲကလည်းသေဆုံးသူတွေ လည်းရှိနေတယ်။ ကျနော်သိသလောက်ဆိုရင်ကို ၅ ယောက်လောက်ရှိသွားပြီပေါ့” လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မိုးမိတ်မြို့နယ်ထဲကျန်ရစ်နေတဲ့ဒေသခံတွေဟာ ဒီရက်ပိုင်းအတွင်းမှာပဲမန္တလေးမြို့ဘက်ကို ထပ်ပြီးထွက်ပြေး နေကြသလို ကျန်နေခဲ့သူတွေထဲက ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းက TNLA၊ MNDAA နဲ့ တစ်ခြားသော ပူးပေါင်း တပ်ဖွဲ့တွေအကြား ဇူလိုင်လ ၁၄ ရက်နေ့က ဇူလိုင် ၁၈ ရက်နေ့အထိ အပစ်ရပ်မယ်လို့ ကြေညာခဲ့ပေမဲ့လည်း နှစ်ဖက်တိုက်ပွဲတွေက ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က အဲ့ဒီအပစ်ရပ်တဲ့ ၄ ရက်အတွင်း‌လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှု တွေကြောင့် ရှမ်းမြောက်တခွင် အရပ်သား ၁၈ ယောက်သေဆုံးခဲ့ပြီး ၁၉ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ ဇူလိုင်လ ၁၈ ရက်နေ့က TNLA ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...