တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်

တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်

ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့  မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၅ ရက်နေ့မှာ စစ်အင်အား ၃၀၀ ဝန်းကျင်အပါ တင့်ကား ၅ စီးနဲ့ တက်သွားတဲ့ စစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေ ၆မိုင်၊ ၇ မိုင်ကုန်း ဂျေအိန်(Je Ing) ကျေးရွာအနီးတဝိုက်မှာ အထက်ကို တက်လို့မရအောင် ခုခံတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်မှာ ဗန်းမော်ကနေ တင့်ကား ၅ စီးလောက်နဲ့ တက်သွားတဲ့ စစ်ကြောင်းတွေက မိုးမောက်ဘက်ကို တက်သွားတာ။ ၆ မိုင်၊ ၇ မိုင် နေရာမှာ KIA တွေက အထက်ကို ပြန်တက်သွားလို့မရအောင် ခုခံတိုက်ခိုက်နေတာ။ မနေ့ကတော့ စစ်ကောင်စီဘက်က ထိခိုက်တာများတော့ ပြန်ဆုတ်သွားတယ်။ မနေ့ညမှာတော့ လေကြောင်းနဲ့ အဲဒီနေရာမှာ ဗုံးလာကျဲသွားတယ်”လို့ပြောပါတယ်။

နှစ်ရက်လောက်အကြာ ၆ မိုင်၊ ၇ မိုင် အနီး ဂျေအိန်ကျေးရွာအနီး KIA တပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး တင့်ကားပါတဲ့ စစ်ကြောင်းက ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ တစ်ရက်ထဲမှာပဲ စစ်ကောင်စီတပ်တွေ တပ်ဆုတ်သွားတဲ့အပြီး KIA တပ်တွေ ခုခံတိုက်ခိုက်နေတဲ့ နေရာကို လေကြောင်းနဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့အထိ မိုးမောက်သွားတဲ့ လမ်းတစ်ကြောမှာ စစ်တပ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ်အပြန်အလှန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဒေသဖြစ်ခဲ့တဲ့  မံစီနဲ့ မိုးမောက်ဒေသဘက်ကို ဇွန်လ တစ်လကျော်အထိ တိုက်ပွဲတွေငြိမ်သက်သွားပြီး တိုက်ပွဲဖော်ဆောင်တာတွေမရှိပေမယ့် နှစ်ဖက်တပ်အပြန်အလှန်စောင့်ကြည့်တဲ့ အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းအတွင်းမှာလည်း စစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တင့်ကား ၂ စီးနဲ့ ဗန်းမော်ဘက်ကနေ မံစီမြို့ဘက်ကို တက်သွားခဲ့ရာ ကောင့်ဂျာယန်ကျေးရွာမှာ KIA က ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကောင်ဂျာယန်မှာ တစ်လဝန်းကျင်လောက် တိုက်ခိုက်ခံရပြီးနောက် တင့်ကား ၂ စီးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့တွေက မံစီမြို့တွင်းတပ်ထဲကို ဝင်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ပြီးခဲ့တဲ့ မေလကတည်းက မံစီ၊ မိုးမောက်မြို့တွေမှာရှိတဲ့ ခမရ ၄၃၇ ၊ ခမရ ၆၀၁၊ ခမရ ၃၁၉ စတဲ့ တပ်ရင်းနေရာတွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...