မိုးမိတ်မြို့ပေါ်က စစ်ကောင်စီအဖွဲ့တွေတပ်ပြန်ဆုတ်သွားပြီလို့ဒေသခံတွေပြော

မိုးမိတ်မြို့ပေါ်က စစ်ကောင်စီအဖွဲ့တွေတပ်ပြန်ဆုတ်သွားပြီလို့ဒေသခံတွေပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့ ဇူလိုင် ၁၆ ရက်နေ့ ကပဲ တပ်ပြန်ဆုတ်သွားပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ကို လက်မလွှတ်ရရေးအတွက် မြို့တွင်းက သာသနာ့ဗိမာန် အဆောက်အဦးနဲ့ အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲပြီးခုခံနေတာဖြစ်ပြီး မနေ့ကတော့ မြို့တွင်းကနေ ပြန်ဆုတ်သွားတာလို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။

“မြို့ထဲတော့ စကစဘက်ကဆုတ်သွားပြီ မနေ့ကလို့ပြောတယ်။ ပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်း လောက် ဖြစ်နိုင်ပါတယ်။ မနေ့ကတော့ တိုက်ပွဲသံတွေကြားတယ် ဒီနေ့တော့တိတ်ဆိတ်သွားတယ်ပေါ့။“ လို့ပြောပါတယ်။

တအာင်းတပ်မတော် TNLA ဘက်ကတော့ မနေ့က ဇူလိုင်လ ၁၆ ရက်နေ့ရက်စွဲနဲ့ မိုးမိတ်မြို့နယ် စစ်ကောင်စီ တပ် စကခ ၂၁ နဲ့ ခလရ ၂၇၆တပ်ဖွဲ့ဝင်တွေဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တောင်ကိုင်းရွာအနီးတစ်ဝှိုက် မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီ တောင်ကိုင်းရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့TNLA ပူးပေါင်းအဖွဲ့ တွေတိုက်ပွဲဖြစ်တာမှန်ကန်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပါအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။

တစ်ဖက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တဲ့ မိုးမိတ်မြို့နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေသလို တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။

“သေတာကတော့ ၅ ယောက်လောက်ရှိသွားပြီပေါ့ ဒဏ်ရာရတာတွေလည်းရှိတယ်။ အခုက ဖုန်းအဆက် အသွယ်တွေက  သူတို့ဘက်ကဆက်မှရတာပေါ့ သူတို့မဆက်လာရင်တော့လည်း အတည်ပြုလို့မရဘူးပေါ့”လို့ပြောပါတယ်။

လက်ရှိတော့ မိုးမိတ်မြို့နယ်အတွင်းက ဗျူဟာကုန်းကျန်ရှိနေသေးပြီး စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ အပတ်ကတည်းကနေ လေကြောင်းအသုံးပြုပြီး ရိက္ခာနဲ့လက်နက်တွေဖြည့်တင်းထားတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီပထမအကြိမ် တိုက်ပွဲကတည်းက မိုးမိတ်မြို့ဟာ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပြီး ဒီတစ်ကြိမ် တအာင်းတပ်မတော် TNLA၊ PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေး မှာလည်း မြို့တွင်းရပ်ကွက်တွေက ပျက်စီးဆုံးရှုံးမှုတွေများပြားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က စလို့ မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန် ဖြစ်ပွားနေတာဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...